ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးမှာ အသဲရောဂါလက္ခဏာ တေ့ွရှိ
2018.03.14

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုကျော်စိုးဦးမှာ အသဲရောဂါလက္ခဏာတွေ တွေ့ရှိနေတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ဒီနေ့ ပြောပါတယ်။
ကိုကျော်စိုးဦးကို အင်းစိန်ထောင်မှာ ရှေ့နေတွေက သွားရောက်တွေ့ဆုံရာမှာ သိခဲ့ရတာဖြစ်ကြောင်း ရှေ့နေဖြစ်တဲ့ ဦးခင်မောင်ဇော် က ပြောပါတယ်။
"သွားတွေ့တော့ မျက်လုံးတွေဝါနေတယ် နောက်နေသိပ်မကောင်းဘူးပေါ့၊ အသားအရေကတော့ မဝါသေးဘူးဗျ၊ ဖြစ်တယ်လို့တော့ မပြောသေးဘူးပေါ့ဗျာ၊ အဲဒီလက္ခဏာတွေ တွေ့တယ်လို့ပြောတာဗျ"
ကိုကျော်စိုးဦးဟာ ဖမ်းဆီးအကျဉ်းချ မခံရစဉ်က ဘာရောဂါမှ မရှိကြောင်း ဇနီးဖြစ်သူ မချစ်နုဝင်းက RFA ကို ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့၊ အင်းစိန်တရားရုံးမှာ ကိုကျော်စိုးဦး နဲ့ ကိုဝလုံး တို့ကို ရုံးထုတ်ခဲ့ပြီး ကိုဝလုံးတို့ မိဘတွေ နေထိုင်တဲ့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတာ ၃လ လောက်ရှိနေပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ မွတ်စလင်အမျိုးသား ၁၀ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းခဲ့သူတွေဖြစ်ပြီး တေ့ွရှိချက်တွေကို အင်္ဂလိပ် မြန်မာနှစ်ဘာသာနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း က ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။