ရခိုင်အမတ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံရ

ဝေမာထွန်း
2020.03.07

တပ်မတော်ပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ ဘူးသီးတောင်မြို့နယ် ကင်းတောင်မွတ်စလင်ကျေးရွာက အရပ်သား အမျိုးသမီးနှစ်ဦး သေဆုံးတယ်လို့ လူမှုကွန်ယက်မှာ စာတင်ခဲ့တဲ့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်လိုက်ပါတယ်။

တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးတယ်လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက သူရဲ့လူမှုကွန်ယက်ကနေတဆင့် စာရေးသား တင်ခဲ့တဲ့အတွက် ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို အတည်ပြုပြောပါတယ်။

“ကျွန်တော်တို့ အမှုဖွင့်ထားတာ၊ အဓိကကတော့ သူရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာမှာ သူရဲ့ အကောင့်ကနေပြီး မြန်မာ့တပ်မတော်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ အရပ်သားများသေဆုံးဆိုပြီး တင်ထားတဲ့ဟာ ရှိပါတယ်။ အဲအတွက် ၆၆ (ဃ) နဲ့ အမှုဖွင့်တာပါ။ အမှန်တကယ် ပြန်ကြည့်လိုက်တော့ တပ်မတော်က ပစ်ခတ်တဲ့ ကျည်ကြောင့်လည်း မဟုတ်ဘူး”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ ဘူးသီးတောင်မြို့နယ် ကင်းတောင် မွတ်စလင် ကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ ကိုယ်ဝန်ဆောင် တစ်ဦးနဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက သူရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ စာရေးသားခဲ့တာပါ။

ကာယကံရှင် ဦးမောင်ကျော်ဇံကို RFA က ဆက်သွယ်ရာမှာ အမှုဖွင့်ထားတာမှန်ပေမယ့် ညှိနှိုင်းနေတာတွေရှိလို့ တစ်စုံတစ်ရာ မပြောလိုသေးဘူးလို့ ဆိုပါတယ်။ တပ်မတော်ကတော့ အဲဒီနေ့က ရွာထဲကျတဲ့ လက်နက်ကြီးဟာ ရက္ခိုင့်တပ်တော် AA ပစ်တဲ့လက်နက်ကြီးလို့ RFA ကို ပြောခဲ့ပါတယ်။

ဦးမောင်ကျော်ဇံကို အခုလို ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူမယ်ဆိုရင် အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ဒေသရဲ့ သတင်းတွေဟာ ပိုလို့အမှောင်ကျသွားနိုင်ချေရှိတယ်လို့ ရခိုင်အမတ်တွေက ထောက်ပြကြပါတယ်။

ဒါဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေသတွင်းက သတင်းတွေ ထုတ်မပြောရဲအောင် လုပ်တဲ့သဘော ဖြစ်နေတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“အင်တာနက်လိုင်း ပိတ်ထားတဲ့ အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေပဲ ဒီကိစ္စတွေကို ဖော်ထုတ်ရမှာ ရဲရဲဝံ့ဝံ့ ပြောရမှာလေ။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း မပြောရဲအောင် စကားအစအနလေးမှ မလွန်မကျူးရအောင် အစမထွက်အောင် လုပ်တယ်ဆိုတော့ ဒါဟာရှေ့ကို ဒေသကြားဖို့ ခက်ခဲလာတော့မှာ။ လွှတ်တော်ကိုယ်စားလှယ်တွေ မပြောရဲရင် ဒေသကလူတွေ ဘယ်ပြောရဲတော့မလဲ။သတင်းတွေ ပိုပြီးတော့ အမှောင်ကျလာတော့မှာပေါ့ဗျာ”

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ် ကိုးမြို့နယ်မှာ အင်တာနက် အပိတ်ခံထား ရတာပါ။

အင်တာနက် ဖြတ်တောက်ခံထားရတဲ့အတွက် ဒေသခံတွေဟာ သူတို့ပြောလိုတဲ့ အကြောင်းအရာတွေကို ကိုယ်စားလှယ်တွေထံ ဖုန်းဆက်ပြောတာတွေရှိပြီး ကိုယ်စားလှယ်တွေဘက်က ဒေသခံတွေရဲ့ ပြောပြချက်တွေ အားလုံးကို သက်သေတောင်းခံတဲ့အခါမှာလည်း အခက်အခဲတွေရှိတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ ရခိုင်က ကိုယ်စားလှယ်တွေဟာ ကိုယ့်ဒေသက တိုက်ပွဲအခြေအနေတွေကို အများသိရှိအောင် ဆောင်ရွက်တဲ့အခါ ပိုပြီးသတိထား ဆင်ခြင်ရမယ့် အနေအထားရှိလာတယ်လို့ ပြောကြပါတယ်။

ကိုယ်စားလှယ်တွေကို မပြောရဲ မဆိုရဲအောင် အဟန့်အတားတွေ မလုပ်သင့်ဘူးလို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ပြောပါတယ်။

 

“အဲလိုဖြစ်သွားတယ်။ ဒါပေမဲ့ လူတစ်ဦးချင်းစီနဲ့ဆိုင်တယ်။ သူတို့က ဒီလိုမပြောရဆိုတိုင်း မပြောဘဲနေမလား။ ကျွန်တော်တို့က အမှန်တရားကိုပဲ ပြောရမှာလား။ ကိုယ်စားလှယ်ဆိုတော့။ အခုလို လုပ်တယ်ဆိုတာက အဟန့်အတားလုပ်တာပေါ့။ ဒါပေမဲ့ အဲဒီလို လုပ်လို့မရဘူးလေ။ ဒါကိုယ်စားလှယ်ပဲ”

ဦးမောင်ကျော်ဇံဟာ ပုဒ်မ ၆၆(ဃ) နဲ့ နှစ်ယောက်မြောက် အမှုဖွင့်ခံရတဲ့ ရခိုင်ပြည်နယ်က အမတ်တစ်ဦး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နိမ့်ကျမှုတွေကို လူမှုကွန်ယက်မှာ ရေးသားခဲ့တဲ့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ တရားစွဲဆိုခံခဲ့ရပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဟာ ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးကို ခြောက်လှန့်၊ ခြိမ်းခြောက်၊ အသေရေဖျက်မယ်ဆိုရင် အမှုဖွင့် တိုင်ကြားနိုင်တဲ့ ပုဒ်မပါ။

ဒီပုဒ်မကို စစ်ရေးစစ်ရာကိစ္စရပ်တွေမှာ အသုံးမပြုသင့်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“စစ်ရေးစစ်ရာနဲ့ သုံးလာမယ်ဆိုရင် အငြင်းပွားမှု အသစ်တွေဖြစ်လာမယ်။ မသုံးသင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီနယ်မြေက ရှုတ်ထွေးနေတယ်။ အင်တာနက်လိုင်းတွေ ပိတ်တဲ့အခါကျတော့ ဒီပုဂ္ဂိုလ် တစ်ယောက်ရဲ့ ရေးသားချက်က မှန်မမှန်ကို ပြန်ပြီးတော့ မရှင်းလင်းနိုင်တော့ဘူး ဖြစ်သွားတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားပြီးတော့ ပြည်သူအကျိုးကို ထမ်းဆောင်ဖို့ တာဝန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ဖေ့စ်ဘွတ်ပေါ်မှာ တက်ရေးတဲ့ ကိစ္စနဲ့ပတ်သက်ရင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များက မဟုတ်ဘူး ဆိုရင်လည်း မဟုတ်ဘူးဆိုတဲ့အကြောင်း ပြည်သူကို သတင်းထုတ်ပြန် ရှင်းလင်းပေးလိုက်ရင် ပိုကောင်းတာ ပေါ့”

အခုလ ၂၇ ရက်နေ့က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်လို့ လှုပ်ရှားဆောင်ရွက်နေတဲ့ အသံအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှု ၁၅၆ မှုရှိပြီး ၃၃၁ ဦး ထက်မက တရားစွဲဆိုခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

တရားစွဲမှုတွေထဲမှာ အစိုးရက ၃၈ ရာခိုင်နှုန်း၊ တပ်မတော်က ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီထဲမှာ ဆက်သွယ်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာအများဆုံးဖြစ်ပြီး နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ နိုင်၊ လွတ်၊ လုံ ဥပဒေ ပုဒ်မတွေနဲ့ စွဲဆိုတာက ဒုတိယအများဆုံးနဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မက တတိယအများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။