ပြုပြင်ပြောင်းလဲမှုတချို့ကြောင့် အီးယူနဲ့ရင်းနှီးမြှုပ်နှံမှု တိုးတက်လာနိုင်ကြောင်းပြော
2019.05.29

ရိုက်တာသတင်းထောက်နှစ်ဦး လွှတ်ပေးတဲ့ကိစ္စ အပါအဝင် အပြုသဘောဆောင်ရွက်ချက်တွေကြောင့် ဥရောပနိုင်ငံတွေဘက်က ရင်းနှီးမြှုပ်နှံမှုတွေဟာ နောက်ပိုင်းမှာ တိုးတက်မှုတွေရှိလာနိုင်ကြောင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဒီနေ့ ပြောလိုက်ပါတယ်။
နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဥရောပ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို လွှတ်ပေးလိုက်တာအပါအဝင် တချို့ကိစ္စတွေကို အကောင်းလက္ခဏာရပ်အဖြစ် ရှုမြင်ကြတဲ့အတွက် နောက်ပိုင်းမှာ တိုးတက်မူတွေ ရှိလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ လက်ရှိအချိန်အထိ စင်ကာပူနိုင်ငံက အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ဒုတိယဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေက တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပေမယ့် ဒီနှစ်မှာ စင်ကာပူနိုင်ငံကို ကြားခံထားပြီး တတိယနိုင်ငံတွေဖြစ်တဲ့ ဥရောပ အပါအဝင် အနောက်နိုင်ငံတချို့က ဝင်ရောက်လာတာကြောင့် စင်ကာပူက သာလွန်ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် တရုတ်နဲ့ မြန်မာ စီးပွားရေး စြင်္ကန်လမ်း အကောင်အထည်ဖော်တဲ့အခါမှာ တရုတ်နိုင်ငံ တစ်ခုထဲက ချေးငွေ မရယူဖို့ အပါအဝင် လုပ်ငန်းလုပ်ကိုင်ဖို့ တင်ဒါခေါ်ယူတဲ့အခါ တခြား တတိယနိုင်ငံတွေရဲ့ အကူအညီပါ ရယူဖို့ သဘောတူထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် က ပြောပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက One Belt One Road ( OBOR) လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်နဲ့ မြန်မာ သဘောတူညီထားတာတွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အဓိကထား မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး တို့က အစိုးရရဲ့ တတိယနှစ်မြောက် ကာလအတွင်းဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။