ဖလမ်းမြို့နယ် ဒိုထက်ရွာက အိမ် ၁၆ လုံး မီးရှို့ခံရ

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်က အိမ်ခြေ ၄၆ လုံးရှိတဲ့ ဒိုထက်ကျေးရွာမှာ မတ်လ ၂ ရက်နေ့ ညနေပိုင်းက လူနေအိမ် ၁၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တာကို အဝေးက သစ်ပင် အမြင့်ပေါ် ကနေ လှမ်းမြင်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လူနေအိမ်တွေ မီးရှို့တာကိုတော့ ကျွန်တော်တို့ တောထဲ သစ်ပင်အမြင့်ပေါ်ကနေ မြင်ရတယ်။ ကျွန်တော်တို့ရွာမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်တော့ နေအိမ် မီးရှိုခံရတာပေါ့။ အဲလိုပဲထင်တယ်"
မတ်လ ၂ ရက်နေ့က ဖလမ်းမြို့ ဒိုထက်ကျေးရွာမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CNDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရွာက နေအိမ်တွေကို ဝင်ရောက် မီးရှို့ခဲ့တာဖြစ်နိုင်ကြောင်း နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဖလမ်းမြို့ကနေ တက်လာတာ။ လမ်းမှာ တိုက်ပွဲတွေလည်းရှိတယ်။ လမ်းဘေးက ရွာတွေမှာ ညအိပ်လိုက်၊ တက်လာလိုက်နဲ့ လာကြတာပေါ့နော်။ အခုဆို မတ်လ ၂ ရက်နေ့မှာ ဒိုထက်မှာ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ဒိုထက်ရွာက လူနေအိမ်တွေကို မီးရှို့သွားတာ"
တိုက်ပွဲတွေကြောင့် ဒိုထက်ကျေးရွာသား ၁၃၀ ကျော်ဟာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၃ ရက် မနေ့ ကလည်း ဟားခါးမြို့ အမှတ်(၂၆၆) တပ်ကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ရာကနေ လူနေအိမ် သုံးလုံး ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ယခင်ကတော့ အခုလိုနေအိမ်တွေ မီးရှို့ခံရတာဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
နေအိမ် မီးရှို့ခံရမှုတွေအပေါ် စောင့်ကြည့်နေတဲ့ ဒေသခံတွေကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ကြောင့် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အိမ်ပေါင်း ၁၀၀၀ ကျော် ရှိနေပြီလို့ ပြောကြပါတယ်။