ဖားကန့်မှာ နွံကန်ပေါက်ကျပြီး ၅ဝ ကျော်ပျောက်ဆုံးနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝမ်းကြီးအနီးက ကျောက်စိမ်းလုပ်ကွက် ကျင်းဟောင်း နွံကန်ပေါက် ကျတာကြောင့် ခန့်မှန်း အလုပ်သမား ၅၄ ဦးနဲ့ စက်ယန္တရား ၄၀ခန့် ပျောက်ဆုံးနေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး က RFA ကို ဒီနေ့ ပြောပါတယ်။
-
2019-04-23 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝမ်းကြီးအနီးက ကျောက်စိမ်းလုပ်ကွက် ကျင်းဟောင်း နွံကန်ပေါက်ကျ တာကြောင့် ခန့်မှန်း အလုပ်သမား ၅၄ ဦးနဲ့ စက်ယန္တရား ၄၀ခန့် ပျောက်ဆုံးနေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး က RFA ကို ဒီနေ့ ပြောပါတယ်။
ဧပြီလ၂၂ရက်နေ့ ည၁၂နာရီ ဝန်းကျင်ခန့်က နွံကန်ပေါက်ကျခဲ့တာဖြစ်ပါတယ်။
မြန်မာသူရ၊ နဂါးကိုးကောင်၊ KNDPC ကုမ္ပဏီတွေက အလုပ်သမားတွေနဲ့ စက်ယန္တရားတွေ ပျောက်ဆုံးနေတာဖြစ်ပြီး ပျောက်ဆုံးသူဦးရေ ထပ်တိုးရှိနိုင်သေးတယ်လို့ ဖားကန့်ဒေသခံ ဦးနောင်လတ် က ပြောပါတယ်။
ပျောက်ဆုံးနေသူ ၅၄ ဦးထဲက ဒဏ်ရာရရှိသူ ကျား ၃ ဦး၊ သေဆုံးသူ ကျား ၂ ဦးကို ဒီနေ့ရှာဖွေတွေ့ရှိပြီး ကျန်ပျောက် ဆုံးနေသူများ ဆက်လက်ရှာဖွေနေကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း ကတော့ နစ်မြုပ်သွားတဲ့ စက်ယန္တယားတွေနဲ့ လူတွေကို အမြန်ဆုံးပြန်ဖော်နိုင်ရေး ညွှန်ကြားထားကြောင်းနဲ့ အသေးစိတ် သိရှိနိုင်ဖို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်နေဆဲဖြစ်ကြောင်း RFA ကို ပြောပါတယ်။
အခုပေါက်ကျသွားတဲ့ နွံကန်ဟာ ၂၀၁၈ခုနှစ်ကတည်းက ရှိခဲ့တာဖြစ်ပြီး တချိန်တည်းမှာလည်း မှော်ဆီဆာနွံကန်ပြိုကျမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
(ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့တာပါ။)
ပြီးခဲ့တဲ့ ၂ဝ၁၅ နိုဝင်ဘာလကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စုထဲက တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျတဲ့အတွက် ရေမဆေးကျောက်ရှာသူ ၁၄ဝ ကျော် မြေစာပိသေဆုံးခဲ့ပါတယ်။
(၂ဝ၁၅ နိုဝင်ဘာ ၂၆ ရက်နေ့တွင် RFA က ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုသတင်းပေးပို့ချက်)