မြန်မာ့ဒီမိုကရေစီရေး ဒေါ်အောင်ဆန်းစုကြည် မပါလို့မဖြစ်ကြောင်း ဖိလစ်ပိုင် ပြော

2022.01.16
မြန်မာ့ဒီမိုကရေစီရေး ဒေါ်အောင်ဆန်းစုကြည် မပါလို့မဖြစ်ကြောင်း ဖိလစ်ပိုင် ပြော ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin ကို ၂၀၁၉ ဇူလိုင် ၃၁ ရက်နေ့က ဘန်ကောက်မြို့မှာ တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ်လိုအပ်သူ ဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က ဇန်နဝါရီ ၁၆ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့အတွက် တိုင်းပြည်ပြိုကွဲမယ့်အရေး၊ ပြည်တွင်းစစ် ဖြစ်မယ့်အရေး စိုးရိမ်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်တွေထပ်ပြီး ချမှတ်ခဲ့တာကိုလည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

သူ့အနေနဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေ လျော့ပါးသက်သာရေးအတွက် လာမယ့် သီတင်းပတ်တွေအတွင်း တခြားအာဆီယံခေါင်းဆောင်တွေနဲ့အတူ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေး တိုးတက်မှုရှိဖို့၊ သက်ဆိုင်သူအားလုံး အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် တွန်းအား ပေးသွားမယ်လို့ ပြောပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီး စဉ်နဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို ကြိုဆိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေမှာ အာဆီယံ အထူးကိုယ်စားလှယ် ပါဝင် လာတဲ့အပေါ် ကြိုဆိုပေမယ့် ဒီဆွေးနွေးမှုတွေဟာ လက်ရွေးစင်လူတစ်စုသာ မဟုတ်ဘဲ အားလုံးပါဝင်ဖို့၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေပါဝင်ဖို့ လိုအပ်တယ်လို့ လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ သူလမ်းဖွင့်ပေးခဲ့တဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ကနေ နောက်ပြန်ဆုတ် တာပဲ ဖြစ်ဖြစ်၊ နောက်တစ်ကြိမ် ပြန်လမ်းဖွင့်ပေးတာပဲဖြစ်ဖြစ် သူ့အတွက် စိုးရိမ်ဖို့မရှိ၊ အကျိုးများဖို့ပဲ ရှိတဲ့အကြောင်းလည်း Teodoro Locsin ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။