ဖုန်းမော်နေ့အထိမ်းအမှတ် အမေရိကန်မှာ လှုပ်ရှား

ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတဲ့ ၂၃ နှစ်ပြည့်နေ့နဲ့ မတ်လ ၁၆ ရက် တံတားနီနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယားနဲ့ မေရီလန်းပြည်နယ်တွေက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူ ၄၀ နီးပါး က မတ်လ ၁၃ ရက် မနေ့က ဝါရှင်တန်ဒီစီမြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာတပြည်လုံး အုံကြွခဲ့သော ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလ ၁၉၈၈ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ဆန္ဒပြပွဲများတွင် သတ်ဖြတ်ခံခဲ့ရသူများ၏ ဓာတ်ပုံဖြင့် မန္တ္တလေးမြို့တွင် ဆန္ဒပြနေသူများ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီဆန္ဒပြပွဲမှာ မြန်မာစစ်အစိုးရရဲ့လူ အခွင့်အရေး ချိုးဖောက်နေမှုတွေ ရပ်တန့်ဖို့ အဓိကထား တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း ၈၈ မျိုးဆက် ကျောင်းသား ကိုကျော်မြတ်ထူးက RFA ကို ပြောပါတယ်။

“အဓိကတော့ နအဖရဲ့ လူမဆန်စွာပေါ့နော်၊ ကျောင်းသားပြည်သူတွေ အပေါ်မှာ မတရား ဖမ်းဆီး သတ်ဖြတ်နေတာတွေ၊ တိုင်းရင်းသားတွေအပေါ်မှာ ထိုးစစ် ဆင်ပြီးတော့ ဖြတ်လေးဖြတ်ပေါ့ဗျာ၊ အားလုံးကို အမျိုးပြုတ် သုတ်သင်ရေး လုပ်နေတာတွေနော်။ နောက် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ထောင်တွင်းမှာ ညှဉ်းပန်း နှိပ်စက်နေတာတွေ၊ ဒါတွေကို ရပ်တန်းက ရပ်ဖို့ပေါ့နော်၊ ကျွန်တော်တို့ ဒီနေရာကနေပြီးတော့ ပြင်းပြင်းထန်ထန် တောင်းဆိုနေတာ ဖြစ်ပါတယ်။ အဓိကတော့ ဒီ ရုပ်သေးအစိုးရကို အလိုမရှိ၊ ကြံ့ဖွံ့ ရုပ်သေးလွှတ်တော် ဆန့်ကျင်ကြ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ မတရားတဲ့ စစ်ဥပဒေမှန်သမျှ တိုက်ဖျက်ကြပေါ့နော်။”

အလားတူပဲ အမေရိကန်နိုင်ငံ အင်ဒီးယားနားပြည်နယ် Fort Wayne မြို့က မြန်မာ့အရေး လှုပ်ရှားသူတွေက ကိုဖုန်းမော် နှစ်ပတ်လည်နေ့နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အနက်ရောင် ဝတ်ဆင်လှုပ်ရှားမှုတွေ မနေ့က ပြုလုပ်ခဲ့ကြတယ်လို့ စီစဉ်သူ တဦးဖြစ်တဲ့ ကိုအောင်မြင့်ထွန်းက ပြောပြပါတယ်။

“ကျွန်တော်တို့ ဒီအမည်းရောင် သင်္ကေတလေးတွေ ဝတ်ဆင်ပြီးတော့ပေါ့နော်၊ လူထုတွေက အကြောက်တရားတွေ ကင်းအောင် မိမိတို့ရဲ့ အခွင့်အရေးတွေကို မိမိတို့က လွတ်လပ်စွာ ငြိမ်းချမ်းစွာ ဖော်ထုတ်ရဲလာတဲ့ စိတ်ဓာတ်တွေ ပိုမိုပြီး ရှိလာအောင် မြန်မာနိုင်ငံမှာ ဒီ ၂၀၀၈ အခြေခံဥပဒေကို အခြေပြုပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဖြစ်ပေါ်လာမဲ့ အစိုးရဟာလည်း ဒီအစိုးရပဲ ဖြစ်တယ်၊ ရုပ်သေးအစိုးရပဲ ဖြစ်လာပြီး စစ်အာဏာရှင်ကပဲ ဆက်လက်ပြီး ချုပ်ကိုင်သွားမှာ ဖြစ်တယ်။ ဒီလိုအစိုးရရဲ့ လက်အောက်မှာ ကျွန်တော်တို့ ကျောင်းသား ပြည်သူ ရဟန်းရှင်လူတွေက ဒီလိုပဲ လမ်းမအလယ်ခေါင်တွေ၊ လူမမြင်တဲ့ နေရာတွေမှာလည်း အဲလို သတ်ဖြတ် ညှဉ်းပန်းနှိပ်စက် ဖိနှိပ်ခံနေကြရတယ်ဆိုတာကို ကျွန်တော်တို့ လူတွေ အားလုံးက ပြန်ပြီးတော့ သိရှိလာအောင်ပေါ့နော်၊ ရည်ရွယ်ပြီးတော့ ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။”

ကိုဖုန်းမော်နဲ့ တကွ ၈၈ အရေးအခင်းမှာ ကျဆုံး ခဲ့ရသူတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် Fort Wayne မြို့ရောက် ၈၈ မျိုးဆက် ကျောင်းသားတွေ ၊ တိုင်းရင်းသားတွေနဲ့ ဘာသာပေါင်းစုံ ပါဝင်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ စုစုပေါင်း ၅၀ နီးပါးခန့်က အနက်ရောင်ဝတ်စုံတွေ ဝင်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီအနက်ရောင်ဝတ်ဆင်လှုပ်ရှားမှုကို မြန်မာ့ဒီမိုကရေစီအင်အားစုတွေက အမေရိကန်နိုင်ငံ အပြင် ကနေဒါ ၊ ပြင်သစ် ၊ နော်ဝေ ၊ ဒိန်းမတ် ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ စတဲ့နိုင်ငံတွေမှာလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org