ကျောင်းသားနဲ့ ပြည်သူတွေ ပြန် လွှတ်ဖို့ ဖုန်းမော်နေ့ကော်မ တီ တောင်းဆို
အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ ကျောင်း သူ ကျောင်းသားတွေနဲ့ ပြည်သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ဒီကနေ့ ကျရောက်တဲ့ ကိုဖုန်းမော် နှစ် ပတ်လည်နေ့မှာ အခမ်းအနား ကျင်းပရေးကော်မတီ က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
-
2016-03-13 -
-
-
Your browser doesn’t support HTML5 audio
အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ပြည်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဒီကနေ့ ကျရောက်တဲ့ ကိုဖုန်းမော် နှစ်လည်နေ့မှာ အခမ်းအနား ကျင်းပရေးကော်မတီက ကြေညာချက်ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဗြူးကုန်းဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့တဲ့ RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းနားမှာ ထုတ်ပြန်ခဲ့တာပါ။
အဲဒီကြေငြာချက်ကို နှစ်လည် အခမ်းအနားကျင်းပရေးကော်မတီက RIT ကျောင်းသား ဟောင်းတစ်ဦးက ဖတ်ကြားခဲ့ပါတယ်။
"၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲကြီးသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ မပြီးဆုံးသေးသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီသမိုင်းပေးတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်သည်၊ ဖမ်းဆီးခံ ရဟန်းသံဃာများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူများ အားချွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးရန် တောင်းဆိုလိုက်သည်"
RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကို "မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့" လို့လည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးနဲ့အတူတူ မဆလ အစိုးရကို ဆန္ဒပြခဲ့ကြတဲ့ RIT ကျောင်းသားတွေက ဒီကနေ့ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် ဆွမ်းကပ်အမျှဝေခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ညက RIT ကျောင်းမှာ လုံထိန်း တပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုကြောင့် ကိုဖုန်းမော် ဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး ကိုစိုးနိုင်ကတော့ ဧပြီလ ၅ ရက်နေ့ ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အခမ်းအနားကို ကိုဖုန်းမော် ရဲ့ အမဖြစ်သူ ဒေါ်မာမာအိ နဲ့ ကိုစိုးနိုင်ရဲ့ အမဖြစ်သူ ဒေါ်မြင့်မြင့်ရီတို့ တက်ရောက်ခဲ့ ကြပြီး RIT ကျောင်းသားဟောင်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ တက်ရောက် ခဲ့ကြပါတယ်။
နှစ်ပတ်လည်အခမ်းအနားနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
အခင်းဖြစ်တဲ့ညက အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ဆရာ တစ်ဦးဖြစ်သူ ဦးသီဟလတ် ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။