မြန်မာနိုင်ငံလူအခွင့်အရေးနေ့ ပြည်တွင်းမှာ လှုပ်ရှားမှုတွေရှိ
2011.03.13

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား မြန်အောင်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ ဆွမ်းကျွေးအလှူနဲ့ ပတ်သက်လို့၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ကိုတင့်ဆန်းက RFA ကိုအခုလို ပြောပါတယ်။
“ကျနော်တို့က ဒီနေ့ကို အမှတ်တရ အနေနဲ့ မပျောက်ပျက်အောင် လုပ်ကြတာပါ။ နောက် ဒီနေ့ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို သုံးသပ်ပြောဆိုကြတယ်။ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဘဆွေ၊ ဒေါ်သန်းသန်းနု တို့တက်တယ်။ ကျနော်တို့ဘက်က ကျနော်ရယ် ကိုမျိုးရန်နောင်သိန်း၊ ကိုဖြိုးမင်းသိန်း၊ ကိုသိန်းဌေး တို့တက်တယ်။ နောက် ကမကထ လုပ်တာက ကိုဘိုဘိုကျော်နဲ့ ကိုအောင်နိုင်သူ။ အာဏာပိုင်တွေကတော့ စောင့်ကြည့်တာကလွဲလို့ အနှောက်အယှက်တော့ မပေးဘူး။ သူတို့လည်း ဝိုင်းထဲမှာ ဝင်ထိုင်ကြတယ်။ SB ရော၊ စရဖတွေရော အနည်းဆုံး ၁ဝ ယောက်လောက် ရှိမယ်”
၁၉၈၈ မတ်လ ၁၃ ရက်နေ့က ရန်ကုန် စက်မှုတက္ကသိုလ် RIT ကျောင်းရှေ့ ရပ်ကွက်လဘက်ရည်ဆိုင်မှာ ကျောင်းသားနဲ့ အရပ်သား ရန်ပွဲဖြစ်တဲ့အပေါ် မဆလ အစိုးရက လုံထိန်းတပ်ဖွဲ့တွေ လွှတ်ပြီး ပစ်ခတ် နှိမ်နင်းတဲ့အတွက် RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ကိုဘုန်းမော် နဲ့ ကိုစိုးနိုင် သေဆုံးရတာ ၂၃ နှစ် ရှိခဲ့ပေမယ့် အာဏာပိုင်တွေက ခုချိန်ထိ ဒီကိစ္စကို အရေးယူတာ၊ နစ်နာသူတွေအတွက် ပြန်လည် ကုစားပေးတာတွေ မတွေ့ရသလို၊ ကျောင်းသားတွေကလည်း နှစ်စဉ် သူတို့အတွက် အောင့်မေ့ဘွယ် အခမ်းအနားနဲ့ အလှူဒါနတွေ ပြုလေ့ရှိတာ တွေ့ရပါတယ်။
ဒီမိုကရေစီ အင်အားစုတွေကလည်း ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးတဲ့နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် လှုပ်ရှားမှု ပြုလုပ်လေ့ ရှိကြပါတယ်။
အလားတူ နိုင်ငံရေးအင်အားစုတွေကလည်း အောက်မေ့ဘွယ် အခမ်းအနားနဲ့ အလှူပွဲ ကျင်းပကြသလို၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသားတွေကလည်း ရန်ကုန်မြို့မှာ အနက်ရောင် လှုပ်ရှားမှုတခု ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ဗကသများအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က RFA ကို အခုလို ပြောပါတယ်။
“တာမွေ၊ တောင်ဥက္ကလာ၊ လှည်းတန်း၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း မှာ လုပ်ဖြစ်ပါတယ်။ ကိုဖုန်းမော် ပုံနဲ့ ခွပ်ဒေါင်းသွေးတို့ နီစွေးသည်၊ စစ်အာဏာရှင်စနစ် မြေလှန်ပစ်ရမည်၊ စတဲ့ စာတွေပါတဲ့ ပို့စကဒ်တွေနဲ့ အနက်ရောင် ပိတ်စတွေ ဝေပါတယ်။ ကျနော်တို့က ကားတွေပေါ်မှာ ဝေပြီး ကားပေါ်က ပြန်ဆင်းတယ်၊ ဈေးထဲမှာ ဆိုင်ခန်းတွေကို ဝင်ပြီး ချက်ခြင်း ပြန်ထွက်တယ်။ အဲဒီလိုမျိုး ဆိုတော့ လောလောဆယ် အခုထိတော့ အဖမ်းအဆီး မရှိသေးဘူး”
ကျောင်းသားတွေဝေတဲ့ ပို့စ်ကဒ်နဲ့ အနက်ရောင်ပိတ်စတွေကို ပြည်သူတွေက လက်ခံကြသလိ ကျောင်းသားတွေကို အားပေးကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အခုတလော ကုန်ဈေးနှုန်းတွေ တက်လာနေတဲ့ အပေါ်မှာလည်း ရန်ကုန်မြို့က ပြည်သူတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။