စစ်ရှောင်စခန်းတွေ ဗုံးကြဲခံရလို့ ဆယ်ကျော်သက်အရွယ် နှစ်ဦး အပါအဝင် ခြောက်ဦး သေဆုံး

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းနှစ်ခုကို ဇန်နဝါရီ ၁၇ ရက် ဒီနေ့မနက်အစောပိုင်းနဲ့ မနေ့ညပိုင်းတွေက စစ်တပ်က လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ခြောက်ဦး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ရှောင်နေရာတွေကို ဗုံးကြဲချတယ်ဆိုတာ တမင်တကာကို ရည်ရွယ်ချက်ရှိရှိ လိုက်သတ်နေတာပေါ့နော်"
ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့မှာ ဇန်နဝါရီ ၁၆ ရက် မနေ့ညနက်ပိုင်းက လေယာဉ်နဲ့ ဗုံးကြဲခံရလို့ လူမှုရေးလုပ်နေတဲ့ လူငယ်သုံးယောက် သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့် အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပြပါတယ်။
“မနေ့ကလည်း နမ့်မယ်ခုံမှာ လေယာဉ်နဲ့လာပစ်သွားလို့ ပရဟိတ လူငယ်လေး သုံးဦး သေဆုံးခဲ့ပါတယ်၊ မနေ့ကအထိ လွိုင်ကော်မှာ တိုက်ပွဲတွေဖြစ်တယ်၊ နမ့်မယ်ခုံဆိုတာ လည်း လွိုင်ကော်ကနေ ငါး မိုင်လောက်ကွာတယ်၊ တိုက်ပွဲလည်းမဖြစ်ဘူး ဒါကြောင့် IDP တွေအတွက် တော်တော်လေးကို စိုးရိမ်စရာ ကောင်းနေပြီ’’
စစ်ကောင်စီက ညသန်းခေါင် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နန်းမယ်ခုံမြို့တဝိုက်မှာ တိုက်ပွဲဖြစ်ပွား နေတာ မရှိသလို စစ်ဘေးရှောင်တွေက ပျဉ်ထောင်အိမ်၊ တိုက်ခံအိမ်တွေနဲ့ လူနေရပ်ကွက် တွေမှာ စစ်ရှောင်နေထိုင်ချိန် ဗုံးကြဲခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နန်းမယ်ခုံမြို့မှာ စစ်ဘေးရှောင် ငါးထောင်ဝန်းကျင်ရှိနေပါတယ်။
အလားတူပဲ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ တပ်က ဒီနေ့မနက် ၁ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိုဆို ရွာက အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် နှစ်ယောက်နဲ့ အသက် ၅ဝ ဝန်းကျင် အမျိုးသား တစ်ယောက်တို့ သေဆုံးခဲ့ရတယ်လို့ အဲဒီစစ်ဘေးရှောင်စခန်းမှာ ရောက်နေသူ က RFA ကို ပြောပါတယ်။
“ခါတိုင်းတော့ ကျွန်တော်တို့ ဖရူဆိုမြို့နယ်ဘက်က တောင်ပေါ်က တက်လာတယ် ထင်တာပဲ။ ဒီကနေ ဒီးမော့ဆို၊ လွိုင်ကော်ပဲ သွားနေတော့ ဒီရက်လည်း ဒီလိုပဲသွား မယ်ထင်ထားတာပေါ့။ နောက်ဆုံး ကျွန်တော်တို့ကို လာပြီးကြဲသွားတာပေါ့နော်။ သေဆုံးမှုရှိတယ်။ အမျိုးသမီးငယ် နှစ်ဦးနဲ့ အမျိုးသား အသက် ၅၀ အရွယ် တစ်ဦး”
ဖရူဆို မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းမှာတော့ စစ်ဘေးရှောင်သူ ခြောက်ထောင်ဝန်း ကျင်ရှိတယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ဆိုပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီရေး ကော်မတီကလည်း စစ်ဘေး ရှောင်စခန်း နှစ်ခုကို စစ်ကောင်စီ လေတပ်က ဗုံးလေးလုံး ကြဲချခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမဖြစ်ဘဲ စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ စခန်းတွေနဲ့ရပ်ကွက်တွေကို ဗုံးကြဲချတာက စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“စစ်ရှောင်နေရာတွေကို ဗုံးကြဲချတယ်ဆိုတာ တမင်တကာကို ရည်ရွယ်ချက်ရှိရှိ လိုက်သတ်နေတာပေါ့နော်။ ကျွန်တော်တို့ ကရင်နီထဲက ပြည်သူလူထုတင်မကဘူး တစ်နိုင်ငံလုံးက ပြည်သူလူထုရော၊ နိုင်ငံတကာရော အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်ပြီလို့ တိုက်တွန်းချင်တယ်။ အခုက ပိုဆိုးလာတာက မြေပြင်တိုက်ပွဲတွေထက် ဗုံးကြဲပြီး အမြှောက်ကြီးတွေနဲ့ထုပြီးမှာ နေရာအနှံ့ကို နယ်မြေစိုးမိုးရေး လုပ်တာလေ။ ဒါက စစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်ပဲ”
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ တုံ့ပြန်ချက်ရဖို့ RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ကရင်နီဒေသတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ရသူ တစ်သိန်း ခုနစ်သောင်းခန့် ရှိလာနေပြီလို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ (KnHRG) ရဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။
ကရင်နီပြည်က စစ်ဘေးရှောင်တွေဟာ အခုဆိုရင် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်၊ တောင်ကြီး၊ ပင်လောင်း၊ နောင်တရား၊ အင်းလေး စတဲ့ ဒေသတွေနဲ့ မိသားစု၊ ဆွေမျိုးတွေရှိရာ ဒေသတွေမှာ တိမ်းရှောင်ခိုလှုံနေကြရပါတယ်။