ပိုလန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ကို တွေ့ဆုံ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radosław Sikorski ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ညနေက သွားရောက်တွေ့ဆုံခဲ့ပါတယ်။
-
2012-05-10 -
-
-
ပိုလန် နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ နေ့ခင်းကလည်း နိုင်ငံရေးအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ပိုလန်အစိုးရရဲ့ သဘောထားအမြင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ လက်ရှိဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က အခုလို ပြောပါတယ်။
" သူတို့ဘက်က ဘာတွေ ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတဲ့ကိစ္စပေါ့။ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံပေါ့နော်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ လုပ်တဲ့အခါမှာ ပုံသဏ္ဌာန်၊ အသွင်သဏ္ဌာန်၊ အမြင်ချင်းတွေ မတူကြဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ တစ်ထပ်တည်းတွေတော့ ဘယ်တစ်နိုင်ငံနဲ့ တစ်နိုင်ငံတူဖို့ မဖြစ်နိုင်တဲ့ အကြောင်းပါ။ အဲဒီအခါမှာ နိုင်ငံရေး လှုပ်ရှားနေတဲ့သူတွေ အနေနဲ့ ဘယ်လိုပါဝင်ကြမလဲ ဆိုတဲ့ ကိစ္စလေးတွေကို ကျွန်တော်တို့ ဆွေးနွေးကြပါတယ်"
ပိုလန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၈ ဦး တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ မနက်မှာပဲ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆွီဒင်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ OLOF PALME Center အဖွဲ့က လာရောက်တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နော်ဝေး ဝန်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ ကိုယ်စားလည်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးကြကြောင်းလည်း သိရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်မြို့မှာ ဒီကနေ့တွေ့ဆုံပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ဘဝ ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးကြောင်း သိရပါတယ်။
Freedom House အဖွဲ့နဲ့ ဆွေးနွေးရာမှာ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ် ။
ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန်။ |