အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မိမိတစ်ဦးတည်းလုပ်ဖို့ မလွယ်ဘူးလို့ ဒေါ်စုပြော


2013.09.13
dassk-warsaw-university-305.jpg ပိုလန်နိုင်ငံ၊ ဝါဆောတက္ကသိုလ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်
photo: Youtube

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ရပ်တံ့ပပျောက်ရေးဟာ မိမိတစ်ဦးတည်း စွမ်းဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေး ဘယ်လောက်လုပ်နိုင်မလဲဆိုတာကပဲ အဖြေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ပိုလန်နိုင်ငံရောက်နေစဉ် သတင်းထောက်တွေရဲ့အမေး ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေဆိုလိုက် တာပါ။

ဒီကိစ္စတွေပြေလည်နိုင်ဖို့ဆိုရင် တရားဥပဒေစိုးမိုးဖို့ အရေးကြီးတယ်ဆိုတာ ပြီးခဲ့တဲ့ လပေါင်းများစွာ ကတည်းက မိမိအနေနဲ့ ပြောဆိုခဲ့ပြီးဖြစ်တဲ့အကြောင်း၊ ဒီကိစ္စကို လူ့အဖွဲ့အစည်းတစ်ခုလုံးကဝိုင်းပြီး အားသွန်ခွန်စိုက် ကြိုးစားရမှာဖြစ်တဲ့အကြောင်း၊ ပြည်သူတွေအနေနဲ့ ကိုယ့်ကိုကိုယ်စိတ်ချလုံခြုံပြီလို့ ခံစားရဖို့ဆိုရင် တရားဥပဒေစိုးမိုးရေး လိုအပ်တဲ့အကြောင်း၊ အဲဒီလို စိတ်အေးလက်အေးဖြစ်နေတဲ့ သူတွေကပဲပြန်ပြီး နောက်လူတွေ ကို စိတ်အေးလက်အေးဖြစ်အောင် ဆက်ကူညီနိုင်မှာဖြစ်တဲ့အကြောင်း၊ ဒါမှသာ လိုက်လျောညီထွေမှုရှိတဲ့ အနာဂတ်နိုင်ငံတစ်ခုဖြစ်လာနိုင်မှာလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံအလုပ်သမား သွေးစည်းညီညွှတ်ရေးသမဂ္ဂ ခေါင်းဆောင်ဟောင်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် လက်ဝလင်ဆာ (Lech Walesa) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လက်ဝလင်ဆာက မိမိတို့အနေနဲ့ အောင်ပွဲမရခင် စစ်ပွဲတချို့ရှုံးခဲ့ရဘူးသလို၊ မြန်မာနိုင်ငံလည်း တစ်ချိန်ကျရင် ပိုလန်လို ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမယ်ဆိုတာ ထင်မြင်ထားတဲ့အကြောင်း ပြောဆိုပါတယ်။

ဝါဆောမြို့တော်ဝန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဝါဆောမြို့သူအဖြစ် ကြေညာခဲ့ပါတယ်။ မနေ့က ကြာသပတေးမနက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်သမ္မတနဲ့ ဝန်ကြီးချုပ်တို့ကို တွေ့ဆုံခဲ့ပါတယ်။

ပိုလန်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မရတနာဦးက ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။