မြောင်မှာ ရဲနဲ့စစ်ကား မိုင်းခွဲခံရ၊ ရဲတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကူတို့ကုန်ရွာနဲ့ လှေတင်ဦးရွာ ကြားမှာ ဇွန်လ ၂၁ ရက် မနေ့ည ကိုးနာရီခွဲ လောက်က စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရပြီး ရဲတစ်ယောက် သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က RFA ကို ပြောပါတယ်။
စစ်ကောင်စီက မြောင်မြို့နယ်ထဲက ရွာတွေမှာ ညတိုင်း ကားနဲ့လှည့်ပတ်ပြီး ကင်းလှည့်နေတဲ့အတွက် မိုင်းခွဲ တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
“ကားသုံးစီးနဲ့ လာတဲ့အချိန် လျှော့မိုင်းခွဲခဲ့တာ။ ရဲ တစ်ယောက် သေတယ်။ ခြောက်ယောက် ဒဏ်ရာ ရတယ်။ နှစ်ဦး ပြင်းထန်ဒဏ်ရာရတယ်။ အဲဒီကနေ မြောင်ရဲစခန်းကို တိုက်ရိုက်မောင်းသွားပြီး စခန်းထဲရောက်တဲ့အချိန်မှ သေနတ်တွေနဲ့ ရမ်းပစ်တယ်။ PDF ကတော့ အထိအခိုက်မရှိခဲ့ဘူး”
ရဲဘက်က သေဆုံးသူဟာ ကိုဝင်းမိုးကျော် ဆိုသူဖြစ်တယ်လို့လည်း ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ဒီကိစ္စ အသေးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမျိုး မရှိပါဘူး။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်အနီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းနယ်စပ်က ရေစကြိုမြို့နယ်၊ သာခေါင်ရွာက ပျူစောထီး အဖွဲ့ဝင်ဆိုသူ သုံးယောက်လည်း ပရဟိတကားနဲ့ စစ်ကိုင်းတိုင်းဘက်ကို ခရီးသွားစဉ် ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ပရဟိတကားနဲ့ အတူလိုက်ပါလာပြီး လမ်းခုလတ်မှာ အသတ်ခံခဲ့ရသူတွေကတော့ ကိုလှိုင်မင်းထက် အသက် (၃၅)၊ ကိုမျိုးသန့်ထွန်း (၂၂) နဲ့ ကိုငြိမ်းချမ်းအောင် (၁၉) နှစ် တို့ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တချို့က သူတို့ကို ပရဟိတကူညီရေးသမားတွေလို့ ပြောပေမယ့် မြောင် ပြည်သူ့ကာကွယ်ရေးတပ်ကတော့ သူတို့အထဲက အသက် ၃၅ နှစ်အရွယ် ကိုလှိုင်မင်းထက် ဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီး အဖွဲ့ဝင် ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။