ဗစ်တိုးရီးယားအမှု ကူညီနေသူ သက္ကမိုးညို အကောင့်ပိုင်ရှင် အမှုဖွင့်ခံရ

နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ အကူအညီပေးနေတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းကို အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ပျဉ်းမနားမြို့မ ရဲစခန်းမှာ ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူလိုက်ပါတယ်။

ဗစ်တိုးရီးယားအမှု လိုက်ပါကူညီပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်း ကို ပျဉ်းမနားမြို့မရဲစခန်းမှာ ၂၀၁၉ ဇူလိုင် ၁၀ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun/RFA

နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ အကူအညီပေးနေတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုကိုသိန်းကို အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ပျဉ်းမနားမြို့မ ရဲစခန်းမှာ ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူလိုက်ပါတယ်။

ဒေါက်တာ ဝင်းကိုကိုသိန်း ဟာ သက္ကမိုးညို ဆိုတဲ့ အကောင့်နဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဗစ်တိုးရီးယား အမှုနဲ့ပတ်သက်ပြီး စာတွေရေးသားနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တရားစွဲဆိုရတဲ့ အချက်တွေမှာတော့  သက္ကမိုးညို အကောင့်မှာ Wisdom Hill မူကြိုကျောင်းက လုံခြုံရေးကင်မရာကို  စစ်ဆေးတဲ့အခါ Hard Disk ကို ဖြုတ်သိမ်းတာမဟုတ်ဘဲ Download ဆွဲယူတယ်ဆိုတဲ့  အချက်၊ သတင်းစာရှင်းလင်းပွဲမှာ ဒုရဲချုပ် အောင်နိုင်သူရဲ့ ပြောကြားချက်တွေဟာ  ပြည်သူတစ်ယောက်အနေနဲ့ သံသယ ဖြစ်စရာ ရှိတယ်ဆိုတဲ့ ရေးသားချက်၊ နောက်ပြီး  ဒီအမှုဟာ ကျော်ဇောသတင်းဖြစ်နေတာကြောင့် အဂတိ လိုက်စားမှု  တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားဖို့ဆိုတဲ့ ရေးသားချက်တွေကြောင့်  တရားစွဲဆိုခံရတာ ဖြစ်တယ်လို့ ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ  ရေးသားနေတာတွေဟာ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုပြီး ဇူလိုင် ၉ ရက်နေ့  မနေ့က ပျဉ်းမနားမြိ့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူး အေးမြင့်နိုင်က  တရားလို ပြုလုပ်ပြီး အမှုဖွင့်လိုက်တာလို့ နေပြည်တော် ပျဉ်းမနားမြို့မ  ရဲစခန်း ဒုရဲမှူး အောင်နိုင်ဦးက အတည်ပြုပါတယ်။

ဒီနေ့မနက်မှာ သူ့ကို ပျဉ်းမနားမြို့မ ရဲစခန်းကို ခေါ်ယူစစ်ဆေးခဲ့ပြီး ကျပ်သိန်း ၁၀၀ အာမခံနဲ့ ပြန်လွှတ်ပေးလိုက် ပါတယ်။

ဗစ်တိုးရီးယား အမှုနဲ့ပတ်သက်လို့ အင်တာနက်လူမှုကွန်ယက်မှာ အရင်ဆုံးတင်တဲ့ ပိုးဖြူ အကောင့်ပိုင်ရှင်ကိုလည်း ဒီညနေပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org