Victoria ရန်ပုံငွေဘဏ်အကောင့် ဆိုင်းငံ့ဖို့ ဗဟိုဘဏ် ညွှန်ကြားခြင်း မရှိကြောင်း ပြော
2019.07.12
Victoria ရန်ပုံငွေအပ်နှံထားတဲ့ ဧရာဝတီဘဏ်အကောင့်ကို ဆိုင်းငံ့ဖို့ ဗဟိုဘဏ်က ညွှန်ကြားတာ မရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက RFA ကို ပြောပါတယ်။
ဗစ်တိုးရီးယားအတွက် ဖွင့်ထားတဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းရဲ့ သက္ကမိုးညို အကောင့်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း ပြန်ဖွင့်ပေးလိုက် တယ်လို့ AYA ဘဏ်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီလို ယာယီဆိုင်းငံ့ဖို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ညွန်ကြားပေမယ့် သက်ဆိုင်ရာက တရားဝင်စာနဲ့ ညွှန်ကြားချက်မရမချင်း ငွေစာရင်းပိုင်ရှင်ရဲ့ ဝန်ဆောင်မှုကို ဆက်ပေးသွားဖို့ ဘဏ်ရဲ့အုပ်ချုပ်မှုအဖွဲ့က ဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းအတွင်းမှာ ပြန်ဖွင့်ပေးခဲ့တယ်လို့ AYA ဘဏ်က မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။
ဒေါက်တာ ဝင်းကိုကိုသိန်း အပါအဝင် ငွေအပ်နှံထားသူတွေရဲ့ငွေတွေ ဆုံးရှုံးမှုမရှိအောင် ဘဏ်အနေနဲ့ အပြည့်အ၀ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်တာ၊ စိုးရိမ်တာတွေကို ကြားရတဲ့အတွက် အနူးအညွတ်တောင်းပန်ကြောင်းလည်း ရေးသားထားပါတယ်။
ဒီငွေစာရင်းအကောင့်ကို ယာယီဆိုင်းငံ့ခဲ့တာနဲ့ ပတ်သက်ပြီး AYA ဘဏ်တာဝန်ရှိသူတွေဆီ RFA က ဆက်သွယ်ပေမယ့် မရပါဘူး။
ဒီလို ငွေစာရင်းအကောင့်ကို ဆိုင်းငံ့ဖို့အတွက် ဗဟိုဘဏ်က အခုချိန်ထိ ညွှန်ကြားတာမရှိဘူးလို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ဒီနေ့ RFA ကိုပြောတာပါ။
ဘဏ်အကောင့်ဟာ မနေ့ညက ပြန်ပွင့်လာခဲ့ပြီး ဘဏ်ပြောင်းပြီး စာရင်းဖွင့်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဗစ်တိုးရီးယားရန်ပုံငွေအဖွဲ့ဝင် မအေးအေးမျိုးဆက် က ပြောပါတယ်။
ဇူလိုင် ၁၀ ရက်ညကမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည်မှာ Victoria ကိစ္စကို အကြောင်းပြု ပြီး အလှူခံနေတာတွေဟာ ရိုးသားမှုမရှိရင် လက်မခံဘဲ စိစစ်အရေးယူမယ်ဆိုပြီး ရေးသားပြီး ဇူလိုင် ၁၁ ရက်နေ့မှာ Victoria အမှုအတွက် အကူအညီရအောင် ဖွင့်ထားပေးတဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းရဲ့ ဧရာဝတီဘဏ်အကောင့် ယာယီဆိုင်းငံခံရတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။