မြန်မာနိုင်ငံသားတွေ သွေးမကွဲကြဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ချိန်ကစလို့ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲကျင်းပတာ ဒါနဲ့ဆိုရင် ၆ ကြိမ်ရှိသွားပြီလို့ ကက်သလစ်ဘာသာဝင်တွေက ပြောပါတယ်။

Photo - AFP ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

မြန်မာနိုင်ငံသားတွေအနေနဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ စိတ်မပျက်ကြဖို့နဲ့ အချင်းချင်း သွေးမကွဲကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီနေ့ ပန်ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် ရောမရောက် မြန်မာမိသားစုတွေနဲ့ အတူ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာ ဒီနေ့ ဗာတီကန်နန်းတော်မှာ အထူးဆုတောင်း ဝတ်ပြုပူဇော်ပွဲကျင်းပခဲ့ပြီး အခုလို တိုက်တွန်းလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Marian month of May ဆိုတဲ့ သခင်ယေဇူးကောင်းကင်ဘုံသို့ ကြွတော်မူသော ပွဲတော်နေ့မှာ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသားတွေနဲ့ အတူ ဆုတောင်းပူဇော်ပွဲကျင်းပတာပါ။

ဒီနှစ် မေလ ၁၆ ရက်နေ့ဟာ ယေဇူးဘုရားသခင် ကားစင်မှာ အသတ်ခံရပြီး ရက် ၄၀ ပြည့်တဲ့နေ့၊ ကောင်းကင်ဘုံကို ကြွမြန်းတော်မူသော ပွဲတော်နေ့ဖြစ်ပါတယ်။

ဗာတီကန်က ဒီကနေ့ဆုတောင်းပွဲမှာ မြန်မာပြည်သူတွေ စိတ်ငြိမ်းချမ်းစေဖို့ ဓမ္မကျမ်းစာကို မြန်မာလိုရွတ်ဖတ်ပူဇော်ပါတယ်။ ပူဇော်ပွဲကို မြန်မာလို ဓမ္မတေးသီဆိုပြီး အဆုံးသတ်ခဲ့တာလည်းပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ချိန်ကစလို့ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲကျင်းပတာ ဒါနဲ့ဆိုရင် ၆ ကြိမ်ရှိသွားပြီလို့ ကက်သလစ်ဘာသာဝင်တွေက ပြောပါတယ်။

ဒီလို မြန်မာပြည်သူတွေအတွက် ပုပ်ရဟန်းမင်းကြီးက အထူးတလည်ဆုတောင်းပေးတဲ့အတွက် အလွန်အမင်းပီတိ ဖြစ်ရပါကြောင်း ကက်သလစ်ဂိုဏ်းချုပ် Cardinal Charles Maung Bo ကသူ့ twitter မှာရေးသားပါတယ်။

ဒီအတွက်မြန်မာပြည်သူအားလုံးနဲ့ မြန်မာကက်သလစ်ဘာသာဝင်တွေကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ တင်ရှိပါကြောင်းလည်း ရေးသားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org