ဒေသခံတွေ တားထားတဲ့ ကြေးနီယာဉ် ၄စီးကို နယ်လုံဝန်ကြီး ပြန်လည်ထုတ်ယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာထိပ်မှာ ကြေးနီတင်ဆောင်လာတဲ့ကား ၄ စီးကို တားပြီး ဆန္ဒပြနေတဲ့ သပိတ်စခန်းကို တပ်မတော်နဲ့ ရဲအင်အား ၃၀၀ လောက် နဲ့ မနေ့ညက လာရောက် ဟန့်တားပြီး အတားခံထားရတဲ့ ကြေးနီကားတွေကို ပြန်ထုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
2017-10-11 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာထိပ်မှာ ကြေးနီတင်ဆောင်လာတဲ့ကား ၄ စီးကို တားပြီး ဆန္ဒပြနေတဲ့ သပိတ်စခန်းကို တပ်မတော်နဲ့ ရဲအင်အား ၃၀၀ လောက်နဲ့ မနေ့ညက လာရောက် ဟန့်တားပြီး အတားခံထားရတဲ့ ကြေးနီကားတွေကို ပြန်ထုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နယ်လုံဝန်ကြီး ဦးဆောင်ပြီး စစ်ကား၊ ရဲကားတွေ ၁၁ စီးလောက်နဲ့ ပြည်သူတွေကို သေနတ်တွေနဲ့ ချိန်ထားပြီး ကြေးနီကားတွေကို ပြန်ထုတ်သွားတာဖြစ်တယ်လို့ ဒေသခံ ဒေါ်စန်းနွဲ့ က ပြောပါတယ်။
"သပိတ်စခန်း မနေ့တုန်းက ၅ နာရီကျော်ကျော်လောက်က ဖြိုခွင်းခံလိုက်ရတယ်။ စစ်ကား ၅ စီးရယ်၊ ရဲကားရယ်၊ နောက်ကားလေးတွေရယ်ဆို အားလုံးကား ၁၁ စီး၊ အဲ့ဒါနဲ့ လာရောက်ပြီးတော့ ဖြိုခွင်းသွားပြီ၊ နယ်လုံဝန်ကြီး ကျော်သန်းနိုင် ဦးဆောင်လာပြီးတော့ ပြည်သူလူထုကိုလည်း ဘာမှမပြောဘူး၊ ဝင်လာ ပြီးတော့ တခါတည်း သူတို့ ကြေးကားတင်ဆောင်ထားတဲ့ကားတွေကို တခါတည်းမောင်းခိုင်းတော့ တာပဲ၊ သူတို့သေနတ်တွေနဲ့ ချိန်ထားတော့ ပြည်သူလူထုက ဘယ်လိုလုပ်တိုးရဲတော့မှာလဲ၊ ပြည်သူလူထုကို စစ်အင်အား ၂၀၀ လောက်၊ ရဲအင်အားနဲ့ ၃၀၀ ပတ်ဝန်းကျင်လောက် လာရောက်ပြီးတော့ ဒါဖြိုခွင်းသွား တာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်"
မိုးကြိုးပြင်အလယ်ရွာထိပ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကြေးနီသယ်တဲ့ယာဉ် ၄ စီးကို ဒေသခံတွေက အောက်တိုဘာလ ၉ ရက်နေ့က တားဆီးလိုက်ပြီး အဲဒီနေရာမှာ သပိတ်စခန်းဖွင့်ထားတာ ဖြစ်ပါတယ်။
ဒေသခံတွေက သီးနှံနစ်နာကြေးတောင်းတာကို အစီရင်ခံစာထဲမှာမပါလို့ မပေးနိုင်ကြောင်း ဦးပိုင်ကုမ္ပဏီ တာဝန်ရှိသူက ငြင်းဆိုထားသလို အစားထိုးမြေဧက ၁၉၀၀ ပေးဖို့လည်း ငြင်းထားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဝမ်ပေါင်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပေးဖို့ ဒေသခံတွေက စာတင်ထားရာ ကုမ္ပဏီတာဝန်ရှိသူ တရုတ်ပြည်ပြန်သွားတာကြောင့် လာမယ့် အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းကျမှ တွေ့ဆုံပေးမယ်လို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အကြောင်း ပြန်ထားတယ်လို့လည်း ဒေါ်စန်းနွ့ဲ က ပြောပါတယ်။