ရေလှောင်တမံကြောင့် ပျက်စီးသီးနှံတွေလျော် ဖို့ စေတုတ္တရာတောင်သူ ၅ဝဝ ဆန္ဒပြ
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် က ဒေသခံ ၅၀၀ ကျော်ဟာ ကြီးအုံကြီးရေလှောင် တမံကြောင့် ရေနစ်မြှုပ် ပျက်စီးသွားတဲ့ သီးနှံတွေ အတွက် လျော်ကြေးပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
-
2016-07-17 -
-
-
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်က ဒေသခံ ၅၀၀ ကျော်ဟာ ကြီးအုံကြီးရေလှောင် တမံကြောင့် ရေ နစ်မြှုပ်ပျက်စီးသွားတဲ့ သီးနှံတွေ အတွက် လျော်ကြေးပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
ဆည်ရေတက်လာတာကြောင့် လယ်တွေထဲရေဝင်ပြီး သီးနှံတွေ ပျက်စီးသွားသလို မိုးရာသီဆို ရေကြီးရေလျှံ တာတွေဖြစ်နေတဲ့အတွက် ဆည်ရေပိုလွှဲကို နှိမ့်ပေးဖို့တောင်းဆိုတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဦးသန်းစိုး ကပြောပါတယ်။
"ကျနော်တို့ကျေးရွာတွေမှာ တချို့ရေဝင်တဲ့ဟာဝင်ပြီးပေါ့ဗျာ၊ တောင်သူတွေစိုက်ပျိုးထားတဲ့ စိုက်ပျိုး သီးနှံတွေ ရေမြုပ်သွားတဲ့အတွက် သူတို့ရဲ့စားဝတ်နေရေးဟာ အခက်အခဲဖြစ်သွားပြီ၊ မိုးရာသီရောက် တိုင်း ကျနော်တို့ စိုးရိမ်တကြီးနဲ့ ပြည်သူတွေဟာဆိုရင် အိပ်ကောင်းခြင်းလည်း မအိပ်ရ၊ စားကောင်းခြင်း လည်း မစားရ၊ ရှိတဲ့ခါစားဒုက္ခကလည်း ကင်းလွတ်သွားအောင် ရေပိုလွှဲကို လျော့ချပေးစေချင်ပါတယ်"
ဆန္ဒပြပွဲမှာ စေတုတ္တရာမြို့ပေါ် ရပ်ကွက်တွေ၊ လယ်ပြင်စု၊ ပိတောက်မြိုင်၊ ရွာသစ်၊ခိုဝင်၊ညောင်ပင်ကိုင်း၊ မြေနီ ကုန်း၊ ကြီးအုံကြီးဝ စတဲ့ကျေးရွာတွေ ရွာသား ၅၀၀ ကျော် ပါဝင်ခဲ့ပါတယ်။
ဒီလဆန်းလောက်က မိုးကြီးပြီး ကြီးအုံကြီးဝ ရေလှောင်တမံမှာ ရေတွေလျှံတက်လာတာကြောင့် စေတုတ္တရာ မြို့နယ်က လယ်ယာမြေ ဧက၂ထောင်ကျော်မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေ ရေနစ်မြုပ် ပျက်စီးသွားတာဖြစ် တယ်လို့ တောင်သူတွေက ပြောပါတယ်။ သီးနှံတွေ ပျက်စီးသွားတဲ့ တောင်သူတွေ မှာ စားဝတ်နေရေးနဲ့ စိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့လည်း ပြောကြပါတယ်။
လက်ရှိ တိုင်းဒေသကြီးအစိုးရက ရေနစ်မြုပ်ပျက်စီးသွားတဲ့ လယ်ယာမြေဧကစာရင်းကို စုဆောင်းနေပြီး သီးနှံပျက်စီးသွားတဲ့တောင်သူတွေကို အကူအညီပေးနိုင်ဖို့ စီစဉ်နေတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင် က ပြောပါတယ်။