ပူတာအို ဆွမ်ပီယာန်ရွာသား တစ်ထောင်ကျော် တိုက်ပွဲကြောင့် အခက်ကြုံနေရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်း တပ်ဖွဲ့တွေအကြား ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ရှိနေပြီး တော တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာသား တစ်ထောင်ကျော်ဟာ စားနပ် ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညနေပိုင်းကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ရွာထဲက နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့တာကြောင့် ရွာထဲကိုပြန်ဝင်ဖို့ ခက်ခဲနေတယ်လို့ ဆွမ်ပီယာန် ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“ကျေးရွာမှာကို ဖြစ်နေတာ။ ဒီမနက် ၇ နာရီကစတာ အခုချိန်ထိ သေနတ်သံတွေ ကြားနေရသေးတယ်။ မနေ့က ညနေပိုင်းကလည်း တိုက်ပွဲဖြစ်လို့ အိမ် လေးအိမ် လက်နက်ကြီးထိပြီး မီးလောင်သွားတယ်။ ရွာသားတွေ အားလုံးက တောမှာပဲ။ ရွာကို ပြန်လို့မရတော့ဘူး။ အကူအညီပေးမယ့်သူတွေလည်း လာလို့မရတော့ ပိုပိုပြီး ခက်ခဲသွားပြီ”
ဖျားနာသူတွေလည်း ရှိနေတဲ့အတွက် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ဆွမ်ပီယာန်ကျေးရွာမှာ ဒီနေ့မနက် ၆ နာရီခန့်လောက်ကနေစလို့ တိုက်ပွဲတွေ ဆက်ဖြစ် နေတာဖြစ်ပြီး ကျေးရွာထဲမှာလည်း စစ်ကောင်စီတပ်သားတွေ နေရာယူထားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ အေအိုင်အေနဲ့ စစ်ကောင်စီ ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဆွမ်ပီယာန်ကျေးရွာကို လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မြစ်ကြီးနား- ပူတာအို လမ်းကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က ပိတ်ထားပြီး မတ်လ ၃ ရက် မနေ့ကတော့ ကုန်ကားအချို့ သွားလာခွင့်ရနေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။