ကျောက်မဲအနီး တိုက်ပွဲတွေကြောင့် ဒေသခံ ၇၀၀ ကျော် ထွက်ပြေး

တပ်မတော်နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာမှာ အောက်တိုဘာ ၄ ရက် မနေ့ ညနေပိုင်းက နေအိမ်ပေါ် လက်နက်ကြီးကျလို့ ရွာသားတစ်ဦး ဒဏ်ရာရပြီး ဒေသခံ ခုနှစ်ရာဝန်းကျင် နီးစပ်ရာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။

ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ RCSS တပ်တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာသူကို တောင်ထိပ်ရွာဘုန်းကြီးကျောင်းမှာ ၂၀၂၀ အောက်တိုဘာ ၄ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း အောင်ဓမ္မာရုံ နောင်ပိန်

တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာကို  အောက်တိုဘာ ၄ ရက်နေ့ မနေ့ ညနေပိုင်းမှာ နေအိမ်ပေါ်  လက်နက်ကြီးကျလို့ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံ ခုနှစ်ရာဝန်းကျင် နီးစပ်ရာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။

ကျောက်မဲမြို့နယ် ဟဲကွီ၊ ပုံဝိုး၊ ပန်လော့ရွာတွေဘက်ကို စက်တင်ဘာ ၂၉ ရက်နေ့ ကတည်းက တပ်မတော် စစ်ကြောင်းတွေ ဝင်ရောက်လာခဲ့ပြီး အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ RCSS တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဟဲကွီကျေးရွာဒေသခံက RFA ကို ပြောပါတယ်။

အောက်တိုဘာ ၂ ရက်နေ့မှာ ဟဲကွီ၊ ပန်လော့ရွာတွေအနီး တိုက်ပွဲကြောင့် ဒေသခံငါးဆယ်ကျော် ဟဲကွီကျေးရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးခဲ့ရပါတယ်။

အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ပုံဝိုး၊ တောင်ထိပ်နဲ့ ခန့်ခဲရွာတွေအနီးမှာ တိုက်ပွဲ ပိုပြင်းထန်ခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့ မနေ့ညနေပိုင်းမှာ ခန့်ခဲကျေးရွာက အသက် လေးဆယ်ကျော်အရွယ် ဦးကြာအေးရဲ့ နေအိမ်ပေါ် လက်နက်ကြီးကျတာကြောင့်  လက်နက်ကြီးစထိမှန်တဲ့ သူ့ကို  ကျောက်မဲဆေးရုံ ပို့ထားရတယ်လို့ ပုံဝိုးကျေးရွာ ဒေသခံ ကိုစိုင်းက RFA ကို ပြောပါတယ်။

လက်ရှိသူတို့ ရွာမှာ ခန့်ခဲကျေးရွာကနေ ထွက်ပြေးလာတဲ့ ရွာသား နှစ်ရာကျော်လောက် ရောက်ရှိနေတယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ မနေ့ကအထိတော့ တောင်ထိပ်ရွာနားမှာ တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံ တွေကို ကြားနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် နမ့်မိန်အင်း၊ တောင်ထိပ်စတဲ့ရွာက ကျေးရွာသား ငါးရာကျော်ဟာ တောင်ထိပ်ရွာ ဘုန်းကြီး ကျောင်းမှာ ရောက်ရှိနေကြပြီး စားစရာလိုအပ်နေတာကြောင့် သီပေါနဲ့ ကျောက်မဲက ပရဟိတအသင်းတွေ မနေ့က သွားရောက်ကူညီခဲ့တယ်လို့ ကျောက်မဲမြို့နယ် နောက်ပိန်ရွာ ကမ်းလင့်လက်များ ပရဟိတအသင်းက ကိုနေအောင် က ပြောပါတယ်

မူလက တပ်မတော်စစ်ကြောင်းနဲ့ RCSS တပ်ဖွဲ့တွေ နားလည်မှုလွဲလို့ ထိတွေမှုဖြစ်တာလို့ ယူဆခဲ့ပေမယ့် နောက် ပိုင်းမှာ တပ်မတော်ဘက်က သူတို့တပ်ဖွဲ့ရှိတဲ့နေရာတွေကို အင်အားသုံးရာဝန်းကျင်လောက်နဲ့ ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်တာတွေ လုပ်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ပြောပါတယ်။

တပ်မတော်ဘက်က အပစ်ရပ်ထားမယ်လို့ ကြေညာပြီး RCSS တပ်တွေကို ထိုးစစ်ဆင်လာတာဟာ ထုတ်ပြန် ချက်နဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ ဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ RCSS တပ်ဖွဲ့တွေဟာ NCA သဘောတူညီချက် စာချုပ်ပါအချက်တွေကို ချိုးဖောက်ပြီး နယ်မြေချဲ့ထွင်လာတာကြောင့် တပ်မတော်အပါအဝင် ဒေသအတွင်း လှုပ်ရှားနေတဲ့ တပ်ဖွဲ့တွေနဲ့ပါ ပစ်ခတ်မှုတွေဖြစ်လေ့ရှိပြီး လက်ရှိတိုက်ပွဲမှာလဲ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကို စတင်တိုက်ခဲ့တာလို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က ငါးဦး ကျဆုံးသလို ဒဏ်ရာရတာတွေရှိတယ်လို့ သတင်းတွေ ထွက်နေ ပေမယ့် တပ်မတော်ဘက်ကတော့ စစ်သည်တစ်ဦး ဒဏ်ရာရတယ်လို့ပဲ သိရှိရသေးကြောင်း ပြောပါတယ်။ RCSS ဘက်က ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။

ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ပျံ့နှံ့ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်အရေအတွက် ထပ်မံတိုးလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်တဲ့ရွာတွေဟာ ပြီးခဲ့တဲ့ ဇွန်လကုန်က RCSS နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ခဲ့ဖူးပြီး တပ်မတော်ဘက်က မှားယွင်းပစ်ခတ်မိလို့ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တဲ့ ရွာအနီး နေရာဖြစ်ပါတယ်။

ဇွန်လအတွင်း တိုက်ပွဲမှာလည်း ဒေသခံ ခုနှစ်ရာကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါသေးတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org