အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးကြဖို့ RCSS တိုက်တွန်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့တွေအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ RCSS က တိုက်တွန်းလိုက်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ TAI FREEDOM

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့တွေအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ဇူလိုင်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ တိုက်တွန်းလိုက်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ ခြောက်လပတ် အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်ကနေ ဇူလိုင် ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

ရှမ်းပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးနေရသလို ဒေသခံတွေ ထွက်ပြေးနေရတာတွေ၊ သေဆုံးတာတွေ‌ ဖြစ်နေပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေလည်း အတိဒုက္ခရောက်နေကြရတာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က စိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောထားပါတယ်။

RCSS တိုက်တွန်းချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

စစ်ကောင်စီက အာဏာရယူပြီး သုံးနှစ်ကျော်အတွင်းမှာ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ တိုင်းပြည်အနှံ့တိုက်ပွဲတွေဖြစ်နေပြီး စီးပွားရေးကျဆုံးမှုတွေဖြစ်နေသလို လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းလာတယ်လို့လည်း RCSS က ထောက်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တည်ငြိမ်အေးချမ်းစေဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်မပျက်စီးစေရေးအတွက် ပြည်သူလူထုနဲ့အတူ RCSS က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။

RCSS တပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org