ဒုက္ခသည် သုံးသိန်းရှစ်သောင်းနီးပါး ရှိလာကြောင်း UNOCHA ထုတ်ပြန်

2022.01.19
ဒုက္ခသည် သုံးသိန်းရှစ်သောင်းနီးပါး ရှိလာကြောင်း UNOCHA ထုတ်ပြန် ကရင်နီ စစ်ဘေးဒုက္ခသည်အချို့ကို ၂၀၂၁၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
Photo: MPA

မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ စာရင်းအရ သုံးသိန်းရှစ်သောင်းနီးပါး အထိ ရှိလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ၂၀၀,၄၀၀ ဦး (၅၃ ရာခိုင်နှုန်း) နဲ့ အနောက်မြောက် ပိုင်းမှာ ၁၅၇,၅၀၀ ဦး (၄၁ ရာခိုင်နှုန်း) ရှိတယ်လို့ ပါရှိပါတယ်။

အဲဒီအထဲက လူဦးရေ ၂,၈၀၀ ခန့်ဟာ ထိုင်းနိုင်ငံအတွင်းက ယာယီစခန်းတွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့ အထူးသဖြင့် ကယားနဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေပြီး လက်နက်ကြီးအသုံးပြုတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့က လူဦးရေ ထက်ဝက်ကျော်ဟာ ရပ်ရွာစင်တာ၊ ဘာသာရေးအဆောက်အအုံတွေမှာ ယာယီ နေထိုင်နေကြရသလို အချို့ကတော့ နီးစပ်ရာ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

အဲဒီအထဲက လူဦးရေ ငါးထောင်ခန့်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နောက်ထပ် လူဦးရေ တစ်ထောင်ခန့်ကတော့ ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင်အတွင်းကို ထွက်ပြေးခဲ့ကြရပါတယ်။

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် မေလကတည်းက အိမ်အလုံးပေါင်း ၆၅၀ ကျော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေအပါအဝင် အခြား အရပ်သားပိုင်ဆိုင်တဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

အလားတူ ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ကတည်းက လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ လုံခြုံရေးအခြေအနေနဲ့ သွားလာခွင့်ဆိုင်ရာ ခွင့်ပြုမိန့်ရဖို့ ကြန့်ကြာတာ၊ စစ်ဆေးရေးဂိတ်တွေများနေတာ စတဲ့ အခက်အခဲတွေကြားက ဒေသခံ မိတ်ဖက် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရေးပေါ် အကူအညီတွေကို ပေးအပ်နေတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။