မြန်မာပြည်သူတွေထံသို့ ပေးစာ

မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေအကြောင်း လေ့လာတွေ့ရှိတဲ့အချက်တွေ ကို ပြည်သူတွေသိရှိနိုင်ဖို့ "မြန်မာပြည်သူတွေထံသို့ ပေးစာ" ဆိုတဲ့ သဝဏ်လွှာတစ်စောင်ကို ဘာသာပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်တဲ့ Religions For Peace (Myanmar) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်တဲ့ Religions For Peace (Myanmar) ကို တွေ့ရစဉ် Photo: Ariya Wuntha Bhiwunsa - facebook

မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေအကြောင်း လေ့လာတွေ့ရှိတဲ့ အချက်တွေကို ပြည်သူတွေ သိရှိနိုင်ဖို့ "မြန်မာပြည်သူတွေထံသို့ ပေးစာ" ဆိုတဲ့ သဝဏ်လွှာတစ်စောင်ကို ဘာသာပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်တဲ့ Religions For Peace (Myanmar) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်တို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ၊ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပညာရှင်တွေ အဖွဲ့အစည်းတွေပါတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်ပြီး ရရှိလာတဲ့ လေ့လာတွေ့ရှိ ချက်တွေကို ပြည်သူတွေသိရှိနိုင်ဖို့အတွက် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ Religions For Peace (Myanmar) က ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါတယ်။

"ကျနော်တို့ မြန်မာတစ်ပြည်လုံးနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ထားတာပေါ့လေ၊အဓိကကတော့ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အထူးသဖြင့် ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ လိုအပ်တဲ့နေရာမှာ အကူအညီပေးဖို့၊ နောက်ပြီးတော့ လုပ်ငန်းတွေ မြန်မြန်ဆန်ဆန်ဖြစ်လာဖို့ ဥပမာ ရခိုင်ဘင်္ဂလီတွေ ပြည်ပရောက်နေတာတွေ ကိုယ်နေရာကိုရောက်ဖို့ ဒါ့အပြင် မြစ်ကြီးနားက IDP Camps ကဟာတွေ ၆ နှစ်ရှိပြီ ရွာတွေ ပြန်မရောက်တာ၊ အဲဒီမှာ ဘာဝိုင်းဝန်းကူညီရမလဲ၊ မနေ့က ဆွေးနွေးတာ၊ အဲဒီဟာတွေ အပေါ်မှာ ရရှိတဲ့သဘောတူညီတဲ့ အချက်တွေကို မြန်မာပြည်သူတွေကို အသိပေးတာ၊ သဝဏ်လွှာတိုက်တွန်းနှိုးဆော်တာလည်း ပါတာပေါ့"

အဲဒီသဝဏ်လွှာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မနက်ဖြန်မှာ နေပြည်တော်မှာ တွေ့ဆုံပြီး ပေးအပ်သွားဖို့ရှိပါတယ်။

ဒါ့အပြင် နိုင်ငံတကာသံရုံးတွေနဲ့ နိုင်ငံတကာမှာရှိတဲ့ Religions For Peace အဖွဲ့တွေကိုလည်း ပေးပို့သွားမယ်လို့ အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါတယ်။

နိုင်ငံပေါင်း ၉ဝ မှာ Religions For Peace အဖွဲ့ခွဲတွေရှိပြီး မြန်မာနိုင်ငံမှာတော့  ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က ဘာသာပေါင်းစုံပါဝင်ပြီး  စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊  ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းတို့မှာ ဘာသာပေါင်းစုံ အမျိုးသမီးကွန်ယက်၊ လူငယ်ကွန်ယက်တွေ ဖွဲ့စည်းပြီး  ဘာသာတစ်ခုနဲ့ တစ်ခုကြား နားလည်မှုရှိဖို့နဲ့ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ပွားအောင် ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ ဆောင်ရွက်တာ ၊ ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးရေး ကိစ္စတွေကို နိုင်ငံတကာ အဖွဲ့ခွဲတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org