အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံဆွေးနွေးပွဲ ကျင်းပ
2018.11.21

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့အစည်းဖြစ် တဲ့ “ ငြိမ်းချမ်းမေတ္တာ”က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးဝိုင်းတစ်ခုကို နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတတွေ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဘာသာပေါင်းစုံက အကြီးအကဲတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ''ဘာသာဝင်အားလုံးရဲ့ တူညီတဲ့ အနာဂတ်'' ကို ဖော်ထုတ်ဖို့ အခမ်းအနား ကျင်းပ တာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ကိုယ်ပိုင်လက္ခဏာ အထောက်အထား၊ မတူကွဲပြားမှုနဲ့ သမားရိုးကျ စိန်ခေါ်မှုတွေအပါအဝင် အဓိက အချက် ၅ ချက် ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးပေါင်းကြိုး ပမ်းနေတဲ့ ငြိမ်းချမ်းရေးကို ဘာသာရေးရှုထောင့်ကနေ ချဉ်းကပ်ဖို့ ကြိုးစားတဲ့အနေတဲ့ ဒီဆွေးနွေးပွဲကျင်းပတာလို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တချို့သော ဘာသာရေးခေါင်းဆောင်တွေ၊ သင်ကြားရေး ဆရာတွေဟာ သူတို့ဘာသာတရားရဲ့ မူရင်းအစစ်အမှန်ဒေသနာတော်တွေကို လွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုပြီး လွဲမှားတဲ့အခြေအနေမှာ အသုံးချလိုတာကြောင့် လမ်းမှားကို ဦးဆောင်ညွှန်ပြကြတယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် စစ်မှန်တဲ့ဒေသနာတော်တွေ စုစည်းပေါ်ထွန်းရေးနဲ့ ကိုယ့်ကျင့်သိက္ခာမြင့်မားပြည့်ဝတဲ့ ဘာသာရေး ဦးဆောင်သူတွေ ပေါ်ထွန်းလာရေးကို အလေးဂရုပြုရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်တိုက်ပွဲကနေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ ယဉ်ကျေးမှုအသစ်တရပ်ကို လက်တွေ့ကျင့်သုံးလာနိုင်ပြီလို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီလိုအဖြေရှာတဲ့အခါမှာ သတ္တိ၊ ဗျတ္တိ ပိုပြီးလိုအပ်နေတယ်လို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အခုလို ပြောပါတယ်။
"ဒီလိုနိုင်ငံရေးအရ တေ့ွဆုံဆွေးနွေးအဖြေရှာတဲ့နေရာမှာ ကျနော်ရဲ့ ကိုယ်တွေ့အရ သတ္တိ၊ ဗျတ္တိ ပိုပြီးလိုနေတာကို တေ့ွရပါတယ်။ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ မာန်မာနမထားခြင်းနဲ့အတူ မေတ္တာတရားထားနိုင်ဖို့က လိုအပ်လို့ဖြစ်ပါတယ်"
ဒါ့အပြင်တက်ရောက်လာတဲ့ ဘာသာရေးခေါင်းဆောင်တွေကလည်း မိမိတို့ ဘာသာတရားသာမက တခြား ဘာသာတွေကိုပါ နားလည်ဖို့လိုတယ်လို့ ပြောကြပါတယ်။
ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ဆောင်သူ ပါမောက္ခအရှင် ဒေါက်တာ ဓမ္မသာမိက မတူညီတဲ့ ဘာသာတွေကြား ချစ်ချစ်ကြည်ကြည်နေနိုင်ဖို့ လိုအပ်တာတွေကို အခုလို မိန့်ကြားပါတယ်။
"ချစ်ချစ်ကြည်ကြည်နေနိုင်ဖို့ဆိုတာ နေ့ချင်းညချင်း မဖြစ်နိုင်ဘူးနော်။ အဲဒီလိုဖြစ်ဖို့ဆိုရင် ပထမဆုံး ကိုယ့်ဘာသာအကြောင်းကို ကိုယ်က ကျကျနန လေ့လာရမယ်။ ကိုယ်က မလေ့လာသေးဘူးဆိုရင် သူများဘာသာကိုလည်း အပုပ်ချတာ ကိုယ့်ဘာသာကိုလည်းပဲ သိက္ခာချတဲ့အလုပ်ကို လုပ်မိတတ်တယ်"
မွတ်စလင် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်ကလည်း ဘာသာတရားရဲ့ အနှစ်သာရ ကိုမသိရင် လှုံ့ဆော်ရတာ လွယ်ကူတာကြောင့် ဘာသာတရား အနှစ်သာရသိဖို့လိုအပ်တယ်လို့ အခုလို ပြောပါတယ်။
"ဘာသာတရားရဲ့အနှစ်သာရကို မသိတော့ လှုံ့ဆော်ရတာလွယ်တယ်။ သူများဘာသာအကြောင်း သိဖို့လိုအပ်သလို ကိုယ့်ဘာသာအကြောင်း သိဖို့လည်း လုပ်ပါ။ သူများဘာသာအကြောင်း သိချင်ရင်လည်းပဲ တကယ့်အချက်အလက်အမှန်တွေကို သူတို့ရဲ့ ကျမ်းတွေကနေ ကိုးကားပြီးတင်ပြဖို့ လိုအပ်ပါတယ်။ အခုဖြစ်နေတာ အဲဒါတွေ၊ သတင်းအရင်းအမြစ်တလွဲတွေကနေ မဟုတ်တမ်းတရား မသမာသူများ သပ်လျှိုနိုင်တဲ့ အချက်အလက်တွေနဲ့ ဘာသာအချင်းချင်းမှာ သွေးထိုးနေတယ်။ အဲဒါတွေကို သန့်စင်တဲ့ ဘာသာတရားကနေ ယုတ်ညံ့တဲ့အဓမ္မဝါဒီတွေရဲ့ ဖျက်ဆီးခြင်းကနေ ကင်းဝေးအောင် လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်"
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက ပဋိပက္ခဖြစ်ရင် အမျိုးသမီးတွေ ဓားစာခံဖြစ် ရတယ်လို့ အခုလို ပြောပါတယ်။
"ပဋိပက္ခတိုင်းရဲ့ ဓားစာခံသားကောင်များဟာ အမျိုးသမီးများဖြစ်ကြပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အရေးပါတဲ့ပုဂ္ဂိုလ်များဟာ အမျိုးသမီးများဖြစ်ပါတယ်။ အမျိုးသမီးများဟာ မိသားစုအဆင့်၊ အုပ်စုအဆင့်နဲ့ နိုင်ငံတော်အဆင့်တို့မှာ ပါဝင်သင့်ပါတယ်။ ဒီနိုင်ငံတော်ရဲ့ အမျိုးသမီးများဟာ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်"
နှစ်ရက်တာကျင်းပမယ့် အဲဒီဆွေးနွေးပွဲမှာ ပညာရေးကဏ္ဍ၊ တိုင်းရင်းသားတွေ လူနည်းစုအဖွဲ့အစည်းတွေ တန်းတူ အခွင့်အရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍနဲ့ ရခိုင်ပြည်နယ်အတွင်းက မတူညီကွဲပြားမှုတွေ၊ သမားရိုးကျ စိန်ခေါ်မှုတွေဆိုင်ရာကဏ္ဍ ခေါင်းစဉ်အလိုက်ကိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဘာသာရေးအဖွဲ့အစည်း ကိုယ်စားလှယ်တွေက ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကဏ္ဍအလိုက် ဆွေးနွေးချက်တွေအပေါ် လုပ်ငန်းအဖွဲ့က ပြန်လည်ဆွေးနွေးကြပြီး အများသဘောတူ ထုတ်ပြန်ကြေညာချက်တရပ် ထုတ်ပြန်မယ်လို့ သိရပါတယ်။
အခုလိုဆွေးနွေးပွဲကို ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး နောက်နောင်မှာ ၆ လတစ်ကြိမ် ပြုလုပ်မှာဖြစ်ပြီး ဒီထက်ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့ ရည်မှန်းတယ်လို့ပြောပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုလတ် ပေးပို့လိုက်တာပါ။