ပုံနိပ်၊ ထုတ်ဝေလုပ်ငန်း ဥပဒေကြမ်း သတင်းစာဆရာအသင်း ကန့်ကွက်

ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ ၂၆ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ ၂၆ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။

ဒီဥပဒေကြမ်းဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သလို၊ သတင်းမီဒီယာတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်တဲ့ ဖျက်သိမ်းလိုက်ပါပြီဆိုတဲ့ ၁၉၆၂ခုနှစ် ပုံနိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ပြန်လည်အသက်သွင်းခြင်းဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဖျက်သိမ်းထားပြီးဖြစ်တဲ့ စာပေစိစစ်ရေးနှင့် ကွာခြားခြင်းမရှိတဲ့ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲကို ဖွဲ့စည်းထားတာတွေ့ရတယ်။ ဒါ့အပြင် ဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေကို ဒီဥပဒေကြမ်းက ထိပါးနေသယောင် တွေ့ရတယ်လို့လဲဆိုပါတယ်။

အခုထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဌ ဆရာမောင်ဝံသက စာနယ်ဇင်းကောင်စီကရေးဆွဲတဲ့ ဥပဒေကြမ်းနဲ့ အခုထုတ်ပြန်တဲ့ ပုံနှိပ်ထုတ်ဝေသူ ဥပဒေကြမ်းနဲ့က အချက်အလက်တွေက တော်တော်လေးဆန့်ကျင်နေတာ သွားတွေ့ရတယ်၊ နောက်ပြီး ဒီနှစ်ခုက ကျနော်တို့လည်း နားမလည်နိုင်အောင်ဖြစ်နေတယ်၊ ဒါကဘယ်သူမှ ပုံနှိပ်ထုတ်ဝေသူတွေဘက်က သူတို့အနေနဲ့လည်း လက်ခံနိုင်မယ့် အချက်တွေလည်းမဟုတ်ဘူး၊ ကျနော်တို့ မီဒီယာသမားတွေဘက်ကလည်း လက်မခံနိုင်တဲ့အချက်တွေက အများဆုံးပါနေတယ်၊ အဲဒါကြောင့်မို့ ကျနော်တို့ ဒါကို ကြေညာချက်ထုတ်တာပါ လို့ပြောပါတယ်။

စာနယ်ဇင်းတွေနဲ့ သတင်းမီဒီယာလောကသားတွေ လက်ခံနိုင်လာအောင် သဘောထားတောင်းခံခြင်း ဖြုတ်ပယ်ဖြည့်စွက် ပြင်ဆင်မှုတွေလုပ်ပေးဖို့ အကြံပြုထားပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဂျာနယ်လစ်သမဂ္ဂနဲ့ ဂျာနယ်လစ်ကွန်ရက်အဖွဲ့တွေကလည်း လေ့လာဆွေးနွေးမှုတွေနေလုပ်ပြီး ကြေညာချက်တွေ အသီးသီးထုတ်ပြန်ဖို့ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org