မြန်မာသတင်းလွတ်လပ်ခွင့် ပိုမိုကျဆင်းလို့ RSF ထုတ်ပြန်

နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF က၊ ၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့ သတင်းလွှတ်လပ်ခွင့် ညွှန်းကိန်းကို ဧပြီလ ၂၅ရက်နေ့၊ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၃၇ ဖြစ်ပြီး မနှစ်ကထက် ၆ ဆင့် ပိုပြီး နိမ့်ဆင်းသွားပါတယ်။

ပြည်သူ့လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က သတင်းယူနေတဲ့ သတင်းထောက်တွေကို တွေ့ရစဉ် Photo: NLD Chairperson Facebook

နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF က၊ ၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့ သတင်းလွှတ်လပ်ခွင့် ညွှန်းကိန်းကို ဧပြီလ ၂၅ရက်နေ့၊ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၃၇ ဖြစ်ပြီး မနှစ်ကထက် ၆ ဆင့် ပိုပြီး နိမ့်ဆင်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ မနှစ်ကတက်လာပြီးချိန်ကစပြီး ဒီမိုကရေစီ ဖော်ဆောင် ရာမှာ သတင်း မီဒီယာရဲ့ အခန်းကဏ္ဍကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် ၂၀၁၇ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာအရေး ဖြစ်ပွားမှုမှာ ကုလသမသမဂ္ဂရဲ့ ပြောဆိုချက်အရ လူမျိုးတုံးသတ်ဖြတ်မှုလို့ နိုင်ငံတကာကနားလည်ထားပေမဲ့ ဒေသတွင်း ဝင်ရောက်ခွင့်ကို တားဆီးထားပြီး ဒီလိုဖြစ်ပျက်ခဲ့ တယ်ဆိုတာကိုလည်း စစ်တပ်က ငြင်းဆိုထားတာကြောင့် ဒီဖြစ်ပျက်မှုနဲ့ပတ်သက်ပြီး ပြည်စုံတဲ့ အစီရင်ခံစာတရပ် ထွက်ပေါ်လာနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အလားတူ ရိုက်တာသတင်းထောက်နှစ်ယောက် အမှုဟာလည်း ပြီးပြတ်ခြင်းမရှိသေးဘဲ သူတို့ဟာ အကျဉ်းထောင်ထဲမှာပဲ ရှိနေသေးတယ်လို့ ဖေါ်ပြထားပါတယ်။

တဆက်တည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ သတင်းများကို လူမှုရေးကွန်ယက် အထူးသဖြင့် Facebookမှာ အမုန်းပွားစေတဲ့ စကားလုံးတွေနဲ့ သုံးနှုန်းဖေါ်ပြလေ့ရှိပါတယ်။ သတင်းသမားများအနေနဲ့ မွတ်စလင်ဆန့်ကျင်ပြီး တင်ပြခြင်း မပြုရင် အစွန်းရောက်ဗုဒ္ဓဘာသာများရဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုစော်ကားမှုတွေ ပေါ်ပေါက်နေ တာကြောင့် သတင်းများရေးသားရာမှာ သတိနဲ့ယှဉ်ပြီး တည်းဖြတ်ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။

အလားတူ RSF ရဲ့ ထုတ်ပြန်ချက်မှာ သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး ကိုမြောက်ကိုရီးယား အဆင့် ၁၈၀ အဖြစ် ဖေါ်ပြထားပြီး ဗီယက်နမ်ကို ၁၇၅နဲ့ သတင်းထောက် ၅၀ လောက် ဖမ်းစီးထားတဲ့ တရုတ်နိုင်ငံကို အဆင့် ၁၇၄၊ အမုန်းစကားများ လွမ်းမိုးနေတဲ့ အိန္ဒိယနိုင်ငံက သတင်းလွတ်လပ်မှုကို အဆင့် ၁၃၈ သတ်မှတ်ထားပြီး၊ စင်္ကာပူကို အဆင့် ၁၅၁၊ ထိုင်းနိုင်ငံ ၁၄၀ နဲ့ မလေးရှားအဆင့် ၁၄၅ တို့ဖြစ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org