အာဏာရှင်စနစ်ကြား သတင်းပညာအရေးကြီးကြောင်း RFA ဥက္ကဋ္ဌ ပြော
2024.05.02
ကမ္ဘာမှာ အာဏာရှင်စနစ်ကြီးထွားနေချိန်အတွင်း သတင်းပညာရပ်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးဖို့ အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်တဲ့အာရှအသံ (RFA) ဥက္ကဋ္ဌ Ms. Bay Fang က ပြောလိုက်ပါတယ်။
မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် ဗီဒီယိုကနေတစ်ဆင့် အမှာစကား ပြောတာဖြစ်ပြီး ထောင်ထဲမှာ အကျဉ်းကျနေတဲ့ သတင်းသမားတွေအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
RFA မြန်မာဌာနက ဗီဒီယိုမှတ်တမ်းရိုက်ကူးသူ သတင်းစာဆရာမ ရှင်ဒေဝီ၊ RFA ဗီယက်နမ်ဌာန ဘလော့ဂါတစ်ဦးနဲ့ RFA ရဲ့ မောင်နှမသတင်းဌာနဖြစ်တဲ့ Radio Free Europe/Radio Liberty က သတင်းသမားတစ်ဦး ရုရှားမှာ ရက်ပေါင်း၂ဝဝ အကျဉ်းကျခဲ့တာတွေကို Ms. Bay Fang က ထည့်သွင်းပြောကြားတာပါ။
သတင်းစာဆရာမ ရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ထားပါတယ်။
သူရိုက်ကူးတဲ့ "ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဆိုတဲ့ ဗီဒီယိုဆောင်းပါးကို အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှုအဖြစ် အမေရိကန်အခြေစိုက် အမျိုးသမီးမီဒီယာသမားများ ညွန့်ပေါင်းဖောင်ဒေးရှင်း (Alliance for Women in Media Foundation) က ဂရေစီဆု ချီးမြှင့်ခဲ့ပါတယ်။