တရားဥပဒေ စိုးမိုးရေး ပူးပေါင်းကူညီဖို့ ကိုမင်းကိုနိုင် တိုက်တွန်း

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတွေဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ယင်းမာပင်မြို့ မဂ္ဂင်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းများ ဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲမှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းများ ပေါ်ပေါက်ရေး လူထုတွေ့ဆုံပွဲ ခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က သာစည်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဟောပြောနေစဉ်။ RFA

"တရားဥပဒေ စိုးမိုးရေး ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲကနေပြီးတော့ ဒီတရားရုံးတွေ အထိ ဆင်းပြီးတော့ ကြိုးစားနေတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့  ပူးပေါင်းဆောင်ရွက် ပေးလိုက်ပါ။ ဘာအရေးကြီးသလဲ ဆိုတော့ ဘယ်တရားသူကြီးတွေ ဘယ်အမှုမှာ မတရား ဘယ်လိုလုပ်တယ် ဆိုတာကို ကျကျနန သက်သေသက်ကန်နဲ့ ဝိုင်းပြီးတော့ပို့ကြပါ။"

မြန်မာပြည် အလယ်ပိုင်းကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ ကိုထွန်းမြင့်အောင်၊ မမီးမီး၊ မနီလာသိန်း စတဲ့ အဖွဲ့ဝင်ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းများ ပေါ်ပေါက်ရေးအတွက် သာစည်၊ ယင်းမာပင်၊ ဘုရားငါးဆူ၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့တို့ ကို  ဒီကနေ့ သွားရောက်ခဲ့ကြပြီး ဒေသခံလူထုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မနေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ကျောက်ဆည်မြို့၊ ဝမ်းတွင်း-သဲတောမြို့တွေကို သွားရောက်ခဲ့ကြပြီး မနက်ဖြန်မှာ ရန်ကုန်မြို့ကို ပြန်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org