PDF ခေါင်းဆောင် ဗိုလ်နဂါးဒေသမှာ စစ်ကောင်စီက လေကြောင်းကပါ ဖိတိုက်နေ
ပြီးခဲ့တဲ့ ၁၀ ရက်နေ့ လောက်ကစပြီး စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေပါ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့တိုင်းဆက်တိုက် တိုက်ပွဲတွေဖြစ်နေတာ ၆ ရက်လောက်ရှိပြီမို့ ရွာပေါင်း ၁၅ ရွာက ဒေသခံ ၇၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ အကူအညီ ပေးနေ သူတွေက ပြောပါတယ်။
အရင်က တိုက်ပွဲတွေ မဖြစ်ခဲ့ဖူးတဲ့ ပုလဲဒေသဟာ မြေပြန့်ဒေသလည်း ဖြစ်တာကြောင့် ပြေးစရာမြေ မရှိသလို ပုန်းရှောင်ဖို့ တောတောင်တွေလည်း မရှိတာမို့ အခက်ကြုံနေ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"အင်အားအလုံးအရင်းနဲ့ ဝင်လာတယ်။ ပြည်သူတွေမှာ အခက်ခဲဖြစ်တယ်။ စားဝတ်နေရေး၊ သွားရေး လာရေးနဲ့ လယ်ယာသိမ်းချိန်လည်း ဖြစ်နေတော့ အကုန်ထားပြီး ထွက်ပြေး နေရတယ်။ တောင်ကနေရော၊ မြောက်ကနေရော ဝင်နေတော့ ပြေးစရာ နေရာ မရှိတော့ဘူး၊ မပြေးဘဲ ဆက်နေမယ်ဆိုရင်လည်း ရွာတွေကိုမီးရှို့တာ၊ သတ်ဖြတ်တာတွေ လုပ်နေတော့ မနေရဲကြတော့ဘူး"
ဒီပုလဲဒေသဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်နဂါး လှုပ်ရှားရာ နယ်မြေဖြစ်ပါတယ်။ စစ်ကောင်စီက ဗိုလ်နဂါးတို့အဖွဲ့တွေကို ချေမှုုန်းနိုင်ရေး အခုလိုအင်အားသုံး ဖိတိုက်နေတာလို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က ပုလဲ ဦးနှောက်ကျေးရွာမှာPDF ခေါင်းဆောင် ဗိုလ်နဂါးတို့ အစည်းအဝေး လုပ်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းရခဲ့ပြီး အဲဒီရွာကို လေကြောင်း ကနေ ထိုးစစ်ဆင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲကို စစ်ကောင်စီဘက်က ဖိတိုက်နေပေမယ့် ဗိုလ်နဂါးကတော့ ပုလဲနယ်ဘက်မှာ သူမရှိဘူးလို့ ပြောဆိုထားပါတယ်။
အဲဒီနေ့ကစလို့ ဒီနေ့ထိ ဆက်တိုက် ပစ်ခတ်နေတာလို့ ဆိုပါတယ်။
"လူမဆန်ဘူးလို့ ပြောချင်တယ်။ ဘာစကားမှကို မပြောနိုင်ဘူး"
ဒေသခံတွေဟာ ပိုင်ဆိုင်သမျှ အားလုံးစွန့်ခွာ ထွက်ပြေးလာရတာဖြစ်ပြီး သူတို့ကျန်ခဲ့တဲ့ ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း စစ်ကောင်စီတပ်သားတွေဘက်က မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ ပြောကြပါတယ်။ တိုက်ပွဲကြား ထွက်ပြေးကြရင်း ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အရေအတွက် မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာလည်း ပုထိုးသာကျေးရွာအနီးကို စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး စစ်သားတွေ ချသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုထိုးသာကျေးရွာကို ရဟတ်ယာဉ်နဲ့ ပစ်ခံရတဲ့အခိုက် သားသမီးသုံးယောက်ကို လက်ဆွဲပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ အခြေနေကို ဒီကနေ့ထိ စစ်ဘေးတိမ်းရှောင်နေရတဲ့ အမျိုးသမီး တစ်ယောက်က အခု လိုပြောပါတယ်။
"လူမဆန်ဘူးလို့ ပြောချင်တယ်။ ဘာစကားမှကို မပြောနိုင်ဘူး၊ တစ်ယောက်နဲ့တစ်ယောက်၊ လွတ်အောင်ပြေး၊ ပုစဉ်းခေါင်း ဒီဘက်လှည့်လာပြီ ဝပ်ဝပ်၊ ဝပ်ကြပြန်ရော၊ လစ်ရင် ပြေးကြပြန်ရော၊ မြေပြန့်လွင်ပြင် ဆိုတော့၊ တောအုပ်အုပ်လေးဆိုရင်ကို မပြေးရဲဘူး၊ အဲဒီနေရာတွေ တအားပစ်တော့ ချုံပုတ်သေးသေး လေးတွေမှာ ပုန်းပြီးပြေးကြရတာ၊ အခုဆို ဒီဘက်နယ်မှာ ဆေးဝါးကစ ဝယ်မရဘူး"

စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပစ်လို့ ထွက်ပြေးပုန်းခို နေရတဲ့အခိုက်မှာပဲ ကိုယ်ဝန်ဆောင်သည် နှစ်ယောက်ဟာ ကလေးမွေးခဲ့တာမို့ အခက်အခဲကြားက လုပ်ဆောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အခုလို ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုး တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဆက်သွယ်ခဲ့ပေမယ့် လတ်တလော ဆက်သွယ်လို့မရသေးပါဘူး။
ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင် တစ်ယောက်ကတော့ အားလုံး တစုတစည်းတည်း စစ်ကောင်စီကို ပြန်တိုက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
"အားလုံးက စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်နဲ့ စစ်ကောင်စီလာမယ့် လမ်းတွေကို ပိတ်မယ်၊ ဆို့မယ်ဆိုရင် သွားချင်တဲ့လမ်းကို ပိုပြီးတော့ ရောက်မှာပါ၊ စုစုစည်းစည်း မရှိတော့ လိုချင်တဲ့လမ်းကို မရောက်ဖူး ဖြစ်နေတယ်။ ဘယ်တိုက်ခိုက်ရေး အင်အားစုပဲ ဖြစ်စေ၊ မီဒီယာတွေကိုပြောပြတဲ့အခါမှာ အမှန်အကန်ကိုပဲ ပြောပြမှသာ လူထုရဲ့ ယုံကြည်မှု အားကိုးမှုတွေ ရမှာဖြစ်တယ်။ အမှန်အကန်တွေ မဟုတ်ဘဲပြောရင် လူထုရဲ့ယုံကြည်မှု လျော့ရဲသွားရင် တိုက်ခိုက်ရေး အင်အားစုတွေအတွက် ပံ့ပိုးမှုတွေ ရုတ်လျော့သွားမယ်လို့ ယူဆပါတယ်"
လတ်တလော ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေရဲ့ တပ်ရင်းနံပါတ်ကိုတော့ မသိပေမယ့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေလာတဲ့ စစ်သားတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီဟာ သူတို့ကို အပြင်းအထန် ခုခံတဲ့ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး နဲ့ ကယားပြည်နယ်တွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေကို အခုနောက်ပိုင်း နေ့စဉ်နီးပါး လုပ်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။