မြန်မာအခြေစိုက် အွန်လိုင်းငွေတုဂိုဏ်းကနေ ဖိလစ်ပိုင်ရှစ်ဦးကို ကယ်တင်
ငွေလိမ်ဂိုဏ်းတွေဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားကိုအခြေပြုလုပ်ကိုင်နေပြီး အလုပ်သမားတွေကို ကျွန်လိုခိုင်းနေတာ ဖြစ်ပါတယ်။
-
RFA Burmese
2023-02-13 -
-
-
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ရောင်းစားခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးကို ပြန်ပြီးကယ်တင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ဒီနေ့ထုတ်ပြန် ပြောဆိုလိုက်တဲ့အကြောင်း စင်္ကာပူ အခြေစိုက် The Straits Times သတင်းစာမှာ ဒီနေ့ဖော်ပြထားပါတယ်။
သူတို့ရှစ်ဦးထဲက အမျိုးသား လေးဦးကို ယူအေအီး - အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံရဲ့ ဒူဘိုင်းမြို့ကနေ အွန်လိုင်းကတစ်ဆင့် စည်းရုံးသိမ်းသွင်းတာခံရတာလို့ ဆိုပါတယ်။ သူတို့ကို ထိုင်းနိုင်ငံက ကုမ္ပဏီ တစ်ခုမှာ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ကူညီဖြေရှင်း ပေးရမယ့်သူတွေအဖြစ် လုပ်ရမယ်လို့ပြောပြီး အလုပ်ခန့်တာလို့ ပြောပါတယ်။
သူတို့ကို ထိုင်းနိုင်ငံကို ခေါ်သွားပေမယ့် အဲဒီကနေတစ်ဆင့် ငွေလိမ်ဂိုဏ်းတွေရှိတဲ့ မြန်မာပြည်ကို ပို့လိုက်တာဖြစ်ပါတယ်။ သူတို့ထဲက အမျိုးသား လေးဦးကို ထိုင်းကနေ မြန်မာပြည်ပို့တဲ့အချိန်မှာ ဖမ်းမိတာ ဖြစ်ပါတယ်။ အခုတော့ သူတို့အားလုံး မနီလာ မြို့တော်ကို ပြန်ရောက်ပြီလို့ ကြောညာပါတယ်။
နိုင်ငံခြားမှာအလုပ်ရှာနေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေအနေနဲ့ ဆိုရှယ်မီဒီယာတွေကနေ လိမ်ညာပြီးခေါ်နေတဲ့ အလုပ်တွေကို စိုးရိမ်သင့်ပြီလို့ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အက်ဒွာရဒိုဟိုဆေးဗီဂါ က ပြောပါတယ်။
ငွေလိမ်ဂိုဏ်းတွေဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားကိုအခြေပြုလုပ်ကိုင်နေပြီး အလုပ်သမားတွေကို ကျွန်လိုခိုင်းနေတာ ဖြစ်ပါတယ်။
ရောင်းစားခံခဲ့ရတဲ့ မလေးရှားတစ်ယောက်ကို The Strait Times သတင်းစာက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မေးမြန်းခဲ့တုန်းက တစ်လကို အမေရိကန်ဒေါ်လာ တစ်ထောင့်ငါးရာကျော် ရမယ်လို့ သူ့ကိုပြောပြီး အလုပ်ပေးခဲ့တဲ့အကြောင်း၊ နောက်တော့ ထိုင်း-လာအို-မြန်မာ နယ်စပ်က ရွှေတြိဂံနယ်ကိုပို့လိုက်ပြီး တစ်ရက်ကို ၁၄ နာရီလောက် အလုပ်ခိုင်းတဲ့ အကြောင်း ပြောပြပါတယ်။
နောက်အလုပ်သမားတစ်ဦးကလည်း သူ့ကိုတာဝန်ပေးထားတဲ့ ငွေပမာဏရအောင် မရှာပေးနိုင်လို့ အစာအငတ်ထားပြီး ရေပိုက်နဲ့ရိုက်တာခံရတယ်လို့ ပြောပြပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့နယ်ထဲက ငွေလိမ်ဂိုဏ်းတွေအခြေစိုက်ရာ KK Garden ဆိုတဲ့ နေရာမှာ မလေးရှားနိုင်ငံသား အနည်းဆုံး တစ်ထောင်လောက် ရှိနေလိမ့်မယ်လို့ ယုံကြည်ရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။