ကိုရီးယားငွေလိမ်မှု အင်တာပိုကို အကူအညီတောင်းမည်
2019.09.09

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံနေ မြန်မာနိုင်ငံသား အလုပ်သမားတွေဆီကနေ ကိုရီးယားဝမ်ငွေ သိန်း ၂ဝဝဝ ကျော်လောက် လိမ်လည်မှုနဲ့ ပတ်သက်ပြီး လိမ်လည်သူကို ဖမ်းမိရေးအတွက် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားထားပြီးဖြစ်သလို လိုအပ်ရင် နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်မယ်လို့ ကိုးရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောကြားလိုက်ပါတယ်။
စိုးယုယုနှင်း လို့ အမည်ခံထားတဲ့ မြန်မာအမျိုးသမီးတဦးက ငွေကြေးလွဲှပြောင်းမှုနဲ့ လေယာဉ်လက်မှတ်ဝန်ဆောင်မှုလုပ်ငန်းဆိုပြီး ဖေ့စ်ဘွတ်မှာ စာမျက်နှာဖွင့်ပြီး ဆက်သွယ်လာသူတွေထံက ငွေကြေးတွေ လွှဲပြောင်း ရယူပြီးတဲ့နောက် အဆက်အသွယ်ဖြတ်တောက်ကာ လိမ်လည်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ မြောက်ဥက္ကလာမြို့နယ်ထဲက အိမ်တအိမ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက တည်းခိုသွားခဲ့တယ်လို့ အိမ်ရှင်ဖြစ်သူ ဒေါ်စန်းလှကပြောပါတယ်။
“အဲဒီကလေးမလေးက သြဂုတ်လ ၂၉ ရက်နေ့ ၁ နာရီခွဲလောက်ကိုရောက်လာတယ်။ အဘွားအိမ်မှာ ခဏတည်းမယ်ဆိုတော့။ အဘွားကလည်း အေးပေါ့၊ ကလေးတွေနဲ့ သူငယ်ချင်းဆိုတော့ သိတယ်။ သူတို့ပြန်သွားတာတော့ စက်တင်ဘာ ၆ ရက်နေ့။ အဘွားကမေးတော့ သူတို့ သူငယ်ချင်းတယောက်ဆီက ပိုက်ဆံ သိန်း ၇ဝဝ လောက် ခြေချော်လက်ချော်ဖြစ်လာတယ်။ အဲလိုပြောတယ်။ စာရွက်ပြောင်မှာ လက်မှတ်ထိုးပြီးတော့။ အဲဒါ။ အဲဒါပဲ သိတယ်။ “
သတင်းမီဒီယာတွေကြောင့် အဲဒီအမျိုးသမီးကို ငွေလိမ်လည်သူလို့ သိတဲ့အတွက် အာဏာပိုင်တချို့ကို သတင်းပေးပေမယ့် တိုင်ကြားတဲ့သူမရှိတာကြောင့် ဘာမှလုပ်လို့မရဘူးလို့ အိမ်ရှင်ရဲ့သမီးဖြစ်သူက ပြောပါတယ်။
“၂၉ ရက်နေ့ညမှာနော်။ ည ၁ နာရီမှာ လေဆိပ်ကနေ ကျမတို့ အမေပိုင်တဲ့ခြံထဲကို လိုက်ပို့တယ်။ ပြီးတော့ အပေါ်ထပ်မှာ တည်းတယ်။ ၁ ရက်နေ့ကျတော့ ကျမက အဲဒီအိမ်ကို အမေနေမကောင်းလို့ ည ၁၂ နာရီခွဲကြီးမှာ သွားတော့ သူတို့တွေ ဘယ်ကလဲဆိုတော့ အဲလိုပဲ ကိုးရီးယားကနေတဲ့ အချင်းချင်းပိုက်ဆံတွေ ချေးငှားပြီး ပြန်မဆပ်နိုင်လို့ သိန်း ၇ဝဝ လို့ပြောတယ်တဲ့။ နောက် ၂ ရက်လောက်မှာ သတင်းထွက်လာတော့ အမေ ဒီကောင်မလေးက ပိုက်ဆံတွေ လိမ်ပြီး ထွက်ပြေးလာတာလို့ ပြောတယ်ပေါ့နော်။ အမေကလည်း မသိဘူး။ ကျမက ဌာနဆိုင်ရာ အဖွဲ့အစည်းအသိကို လှမ်းပြီးတော့ အကြောင်းကြားတာပေါ့နော်၊ ပြောရရင်။ ရဲစခန်းတော့ အကြောင်းမကြားဘူး။ ဒါပေမယ့် နယ်မြေခံကို အကြောင်းကြားတယ်။ အကြောင်းကြားတော့ ရဲက ဘာပြောလဲဆိုတော့ ဘာမှ ကျနော်တို့မှာ လုပ်ပိုင်ခွင့်မရှိဘူးတဲ့။ ဟိုဘက်ကလာပြီး အမှုမဖွင့်တဲ့အတွက်တဲ့။ ဒါပေမယ့် စောင့်တော့ စောင့်ကြည့်ပေးပါတဲ့။ ၆ ရက်နေ့ နေ့ခင်း ၂ နာရီလောက်မှာ အဲဒီကောင်မလေးတွေ ထွက်ပြေးတယ်ဆိုတဲ့ အသံကြားတယ်။”
ငွေလိမ်ခံရသူ အလုပ်သမားတွေအတွက် ကိုးရီးယားနိုင်ငံထဲမှာ အမှုဖွင့်ပြီးဖြစ်သလို ရှေ့ဆက်ပြီး လိုအပ်တာတွေကို ဆောင်ရွက်ဖို့ မြန်မာပြည်တွင်းကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံး အလုပ်သမားရေးရာ သံအရာရှိ ဦးဇေယျာတင်ဝင်းထင် က RFA ကို ပြောပါတယ်။
“ကျနော်ရထားတဲ့ အမှုဖွင့်ထားတဲ့ လက်ခံစာတွေစုပြီးတော့ မနက်စောစော သံအမတ်ကြီးကို တင်ပြဖို့ရာအတွက် စာရိုက်ပြီးတော့ ရုံးမှာဝင်ပြီး စာတင်ခဲ့တယ်ခင်ဗျ။ သံအမတ်ကြီးကတဆင့် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံခြားရေးရယ်၊ ပြည်ထဲရေးရယ်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အဲဒီဝန်ကြီးဌာနတွေကို အမှုဖွင့်ဆောင်ရွက်ပြီးစီးကြောင်းဆိုတာလေးကို တင်ပြဖို့ရာအတွက် ကျနော် သံအမတ်ကြီးဆီကို တင်ခဲ့ပါတယ်။ လက်ရှိအနေအထားကတော့ ကျနော်တို့သံရုံးအနေနဲ့ ပြည်တွင်းကို သတင်းပို့ထားပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီးတော့ တင်ပြထားတာရှိပါတယ်။ နောက်ပြီးတော့ ဒီဘက်မှာရှိတဲ့ ရဲဌာနနဲ့ ကျနော် နည်းနည်းလေးပြောထားတာ ရှိပါတယ်။ လိုအပ်လို့ရှိရင် Interpol ပေါ့။ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ အမှုတွဲတွေ ဘာတွေ ပေးပို့လို့ ရလို့ရှိရင်လည်း သူတို့ဆီကနေ တိုက်ရိုက်ပေးပို့လို့ရအောင် ကျနော်ဆွေးနွေးထားတာတွေ ရှိပါတယ်ခင်ဗျ။”
သူငယ်ချင်းအုပ်စုလိုက် ငွေ သိန်း ၅ဝဝ နီးပါးအလိမ်ခံလိုက်ရတဲ့ ကိုစိုးပိုင်ကတော့ ကိုးရီးယားဘဏ်တွေကနေ ငွေချေးပြီး မြန်မာပြည်ကို လွှဲတဲ့ငွေတွေကိုမှ အလိမ်ခံလိုက်ရတာဖြစ်တဲ့အတွက် ငွေဆုံးရုံတင်မက နံမည်ပါပျက်ရလို့ တရားခံကို အမြန်ဆုံးမိစေချင်တယ်လို့ ပြောပါတယ်။
“အားလုံးပေါင်း မြန်မာငွေ ကျပ် သိန်း ၅ဝဝ နီးပါးလောက်တော့ရှိတယ်။ ကျနော့်ပိုက်ဆံတွေလည်းပါတာပေါ့။ အဓိကတော့ ကျနော့်သူငယ်ချင်းတွေက ဒီကိုးရီးယားနိုင်ငံမှာ ဘဏ်ကနေ ပိုက်ဆံချေးပြီးတော့ အိမ်တွေ ခြံတွေဝယ်ဖို့အတွက် ဟိုဟာဖြစ်ကြတာ။ သူငယ်ချင်းတွေအားလုံး လွှဲလိုက်တဲ့အချိန်မှာ ပါသွားတာ။ အဓိက ကတော့ ပိုက်ဆံပါသွားတဲ့အပြင် ကျနော်တို့ကတော့ နာမည်ပျက်ရတာပေါ့။”
ငွေအလိမ်ခံရသူတွေထဲက ၁၂ ယောက်ဟာ တောင်ကိုးရီးယားနိုင်ငံက သက်ဆိုင်ရာအပိုင် ရဲစခန်းတွေမှာ ကိုယ်တိုင် အမှုဖွင့်ထားပြီးဖြစ်ပါတယ်။ ပြည်တွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနလို၊ ရဲတပ်ဖွဲ့လို၊ လူဝင်မှုကြီးကြပ်ရေးလို သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားထားရုံမက နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ပါ လိုအပ်ရင် လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်မှာဖြစ်တဲ့အတွက် လိမ်လည်သူကို မိမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာသံရုံးအလုပ်သမားရေးရာ သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။
( RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြသည်)