မိုးကောင်းမှာ စစ်တပ်က လုံခြုံရေးတင်းကျပ်၊ လူငယ်တစ်ဦး အဖမ်းခံရ
ကချင်ပြည်နယ်၊မိုးကောင်းမြို့က မြို့တော်ခန်းမနဲ့ နှစ်မိုင်ဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်နေပြီး မနေ့က မေလ ၁၈ ရက်နေ့ညပိုင်းမှာ နန့်ရင်းရပ်ကွက် က လူငယ်တစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလူငယ်ကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ အတိအကျ မသိရပေမဲ့၊ စစ်ကောင်စီက အာဏာဖီဆန်ရေး လုပ်တဲ့ လူငယ်တွေ အပါအဝင် လူငယ်လူလတ်အားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ မိုးကောင်း မြို့ခံတွေက ပြောပါတယ်။
မိုးကောင်းမြို့က လူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ ဆောင်ရွက်နေ တာကြောင့် စစ်တပ်က မျက်ခြေမပြတ်စောင့်ကြည့်ပြီး၊ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။
မနေ့က မို့ကောင်းမြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ခတ်တာတွေ၊ လိုက်လံဖမ်းဆီးတာ တွေ ပြုလုပ်ခဲ့တဲ့အတွက် ဒီကနေ့မှာတော့ မြို့ဟာတိတ်ဆိတ်နေတယ်လို့ မိုးကောင်းမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ညနေသပိတ်ပြန်လာတဲ့အချိန် လူငယ်သုံးယောက်က ဆိုင်ကယ်နဲ့ ခန်းမရှေ့ကအဖြတ် တော်လှန်ရေး သီချင်းတွေကို ဆောင်းဘောက်နဲ့ ဖွင့်သွားတယ်။ အဲဒီမှာ သေနတ်နဲ့ပစ်တယ်။ ထိတော့မထိပါဘူး။ လမ်းဆုံတွေမှာ စစ်ဆေးရေးတွေလုပ်ပြီး ဖမ်းတာတွေလုပ်တယ်။ တချို့ကိုပြန်လွတ်ပေးတယ်။ ရွာကနေ မြို့တက်လာလို့ လုံခြုံရေးအရ ဓားဆောင်ရတာတွေရှိတယ်။ အဲလိုဓားပါလာရင်လည်းဖမ်းတယ်။ ပြန်လွတ်ဖို့ငွေပေးရတာတွေရှိတယ်"
နှစ်မိုင်ဘုရားနဲ့ မြို့တော်ခန်းမမှာ တပ်စွဲထားတာကနေ စစ်ကောင်စီတပ်တွေ အမြန်ဆုံးထွက်သွားစေချင်ပြီလို့ ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ် မိုးကောင်းမြို့ဟာ စစ်အာဏာရှင် အလိုမရှိကြောင်း ကန့်ကွက် ဆန္ဒပြမှုတွေကို နေ့စဉ်နီးပါးပြုလုပ်နေတဲ့ မြို့လည်းဖြစ်ပါတယ်။