မြန်မာစစ်တပ်ကို လက်နက်မရောင်းရေး ပိတ်ဆို့မှု လက်တွေ့အလုပ်မဖြစ်

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်တပ်ကို လက်နက်တွေ လွှဲပြောင်း ပေးနေတယ် လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၄၀ ပါ အစီရင်ခံစာတစ်စောင်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့ပါတယ်။
အဲဒီအစီရင်ခံစာမှာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှား၊ အခြားကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘယ်လာရုစ်၊ ယူကရိန်း၊ အစ္စရေး၊ ဆားဘီးယား၊ ပါကစ္စတန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ အာဏာသိမ်းပြီးတဲ့ နောက် ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေကြောင်း ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ကို လက်နက်ရောင်းတဲ့ နိုင်ငံတွေအနေနဲ့ ကိုယ့်လုပ်ရပ်ကို ကိုယ်တိုင် ပြန်စဉ်းစား သုံးသပ် သင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ကိုယ့်ရဲ့ စီးပွားရေးအရ ရောင်းချလိုက်တဲ့ လက်နက်က အများပြည်သူကို ကာကွယ်ဖို့လား၊ ပြည်သူကို သတ်ဖြတ်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ဖို့လား ဆိုတာကို သဘောပေါက်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်လက်နက် ရောင်းရရင် ပြီးရောဆိုပြီး လုပ်ဆောင်နေတဲ့ နိုင်ငံတွေရယ်၊ လက်နက် ကုမ္ပဏီပိုင်ရှင်တွေရယ် ငွေကြေးအမြတ်အစွန်းကိုပဲ အဓိကထားတဲ့ လူတွေကြောင့်မိုလို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်က လက်နက်တွေ ရရှိနေတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူလူထုကို တစ်နေ့တစ်မျိုး မရိုးရအောင် သတ်ဖြတ်နှိပ်စက်မှုမျိုးတွေ ဖြစ်နေတာ။ ဒီလို ကိစ္စမျိုးကို ပြန်လည်ပြီးတော့ စဉ်းစားဖို့ လိုအပ်ပါပြီ”
စစ်ကောင်စီကို လက်နက်ရောင်းနေတဲ့ ကိစ္စ ရပ်တန့်သွားအောင် လုပ်ဆောင်ရာမှာ နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံးက ဝိုင်းဝန်းကူညီကြဖို့လည်း ဦးအောင်မျိုးမင်းက တိုက်တွန်းသွားပါတယ်။ တရုတ်၊ ရုရှားနဲ့ ဆားဘီးယား နိုင်ငံတို့ဟာ အာဏာမသိမ်းခင် ကရော၊ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာရော စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချခဲ့ပြီး ကျန်နိုင်ငံတွေကတော့ ၂၀၁၈ ခုနှစ်ကနေ စစ်တပ် အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်အထိ လက်နက်တွေ ရောင်းခဲ့တာလို့ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
ဒီလက်နက်တွေဟာ အရပ်သားတွေကို သတ်ဖြတ်ဖို့ဆိုတာ ယုံမှားသံသယဖြစ်စရာ မလိုတဲ့အတွက် မြန်မာစစ်တပ်ကို လက်နက် မရောင်းသင့်တဲ့အကြောင်းနဲ့ ဒီလို ရောင်းနေတာကို လက်တွေ့ပိတ်ပင်ဖို့ ကမ္ဘာကြီးက နောက်ကျရင် မြန်မာနိုင်ငံမှာ ကလေးတွေ အပါအဝင် အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှု ပိုများလာလိမ့်မယ် လို့လည်း တွမ်အင်ဒရူးက ပြောထားပါတယ်။
နိုင်ငံကြီးတချို့ကနေ စစ်ကောင်စီကို လက်နက် မရောင်းတော့ဘူးဆိုရင် မြန်မာနိုင်ငံက အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်နေတာတွေလည်း ကျဆင်း သွားလိမ့်မယ်လို့ စစ်ကောင်စီကို လက်နက်ကိုင် ခုခံနေတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“ဘာလို့လဲဆိုတော့ လေယာဉ်တွေနဲ့ ရွာတွေကို ပစ်တယ်ပေါ့နော်။ အိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အရပ်သား နေအိမ်တွေကို ပစ်တယ်။ စစ်ဘေးရှောင် စခန်းတွေကို ပစ်တယ်။ ဒီ လက်နက်တွေသုံးပြီး စစ်ကြောင်းတွေ ထိုးတယ်။ ဒီလက်နက်တွေ သုံးပြီးတော့ပဲ ရွာတွေကို မီးရှို့တယ်။ ဒါမျိုး လုပ်နေတာဆိုတော့ ဒါတွေသာ မရှိဘူးဆိုရင် ဒီထက်ပိုပြီး သူတို့ လုပ်နိုင်စွမ်း ကျဆင်းသွားမှာပဲ။ ပြည်သူလူထုကို ဒုက္ခပေးနိုင်စွမ်းကတော့ ကျသွားမှာပဲ”
အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ထင်ထင် ရှားရှား ပေါ်ပေါက်နေပေမယ့် တရုတ်နဲ့ ရုရှားဟာ မြန်မာစစ်တပ်ကို ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ ရောင်းချခဲ့သလို ထပ်ရောင်းဖို့လည်း ကတိပေးထားကြတယ်လို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။ တရုတ်နဲ့ ရုရှားအပြင် ဆားဘီးယား အစိုးရကလည်း မြန်မာစစ်တပ်ကို လောင်ချာတွေ၊ လက်နက်ကြီးကျည်တွေ ရောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ပါကစ္စတန် နိုင်ငံကလည်း မြန်မာစစ်တပ်က ၆၀ မမနဲ့ ၈၁ မမ မော်တာ စိန်ပြောင်းတွေ၊ M – 79 ဗုံးသီးပစ် လောင်ချာသေနတ်တွေ အပါအဝင် စက်သေနတ် အကြီးစားတွေကို ဒီရက်ပိုင်းမှာပဲ ဝယ်ယူဖို့ရှိနေကြောင်း အိန္ဒိယအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာတွေက ထုတ်ဖော် ရေးသားထားပေမယ့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောစရာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံတိုင်း စစ်လက်နက်ရောင်းနေပြီး အရောင်းဆုံးက အမေရိကန်ပဲလို့ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။
“စက်လက်နက်ပစ္စည်း ရောင်းဝယ်မှု ဆိုတာကတော့ နိုင်ငံတိုင်းက ရောင်းနေတာပဲ။ ကမ္ဘာပေါ်မှာ စက်လက်နက်ပစ္စည်း အရောင်းချဆုံးနိုင်ငံကလည်း အမေရိကန်ပဲလေ။ တရုတ်တို့၊ ရုရှားတို့ဆိုတာ နောက်မှ လိုက်လာတာပဲ ဖြစ်ပါတယ်။ စက်လက်နက် ပစ္စည်း ရောင်းချခြင်း၊ မရောင်းချခြင်းနဲ့ ပတ်သက်ပြီးတော့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံ အတွင်းမှာ မိမိနိုင်ငံ ကာကွယ်ရေးအတွက် လုပ်ဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်နေတဲ့ လက်နက်တွေဟာ အများအားဖြင့်တော့ ကျွန်တော်တို့ နိုင်ငံကလုပ်တဲ့ လက်နက် ခဲယမ်းတွေပဲ ဖြစ်ပါတယ်”
စက်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရေးမှာ ကိုယ့်အား ကိုယ်ကိုးနိုင်ရေး မူဝါဒနဲ့ လုပ်ဆောင်နေပြီး၊ အခြား နိုင်ငံတွေကို ဆက်ဆံရာမှာ စက်လက်နက်ပစ္စည်း တစ်ခုတည်း အတွက် အဓိကထားတာမျိုး မဟုတ်ဘဲ စီးပွားရေး၊ လူမှု ရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့အထိ ဆောင်ရွက်နေတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသွားပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးက အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာစစ်ကောင်စီကို စစ်လက်နက် ပစ္စည်းတွေ မရောင်းဖို့ ၂၀၂၁ ခုနှစ် ဇွန်လထဲမှာ ဆုံးဖြတ်ချက် ချထားပါတယ်။
"အများဆုံး လက်နက်ပိတ်ဆို့မှုကို လုပ်နိုင်မယ်ဆိုရင် လေယာဉ်ပျံနဲ့ လေကြောင်းပစ်ကူတွေ ဒါတွေ လောက်မှာပဲ သွားပြီးတော့ ရိုက်ခတ်နိုင်ခြေ ရှိတယ်။ "
ဒါပေမဲ့ အခုချိန်ထိ လက်တွေ့ ရောင်းနေဆဲနိုင်ငံတွေ ရှိနေတာကြောင့် ဒီကိစ္စကို လုံခြုံရေး ကောင်စီအနေနဲ့ စဉ်းစားဆုံးဖြတ်သင့်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက သူ့ရဲ့ ဖေဖော်ဝါရီ ၂၂ ရက် အစီရင်ခံစာမှာ တိုက်တွန်း ထားပါတယ်။
လက်နက်ရောင်းချမှု ပိတ်ပင်ရေးနဲ့ ဒီကိစ္စလက်တွေ့ ထိရောက်ရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အလေးထား ဆုံးဖြတ်ရမှာဖြစ်ပေမယ့် တရုတ်နဲ့ ရုရှားက ဗီတို အာဏာသုံး ပယ်ချနိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တာကြောင့် လက်ခံ ဆွေးနွေး မယ့် သဘောတောင် မရှိဘူးလို့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အင်စတီကျူရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
အရင်တုန်းကလည်း မြန်မာကို လက်နက်မရောင်းဖို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ကြိုးစားခဲ့ဖူးပေမယ့် ဆွေးနွေးမယ့် Agenda ထဲတောင် စာရင်းမပါခဲ့ဘူးလို့ သူက ဆိုပါတယ်။
လုံခြုံရေးကောင်စီက တားနိုင်ရင်တောင် မြန်မာစစ်တပ်က ပြည်တွင်းမှာ လက်နက်ကြီး တွေ ကိုယ်တိုင် ထုပ်လုပ်နိုင်သရွေ့ ပစ်ခတ်သတ်ဖြတ်မှုတွေ၊အသေအပျောက် များတာ တွေက ရှိနေဦးမှာပဲလို့ ဒေါက်တာ မင်းဇော်ဦးက မှတ်ချက်ပေး ပြောဆိုပါတယ်။
“အများဆုံး လက်နက်ပိတ်ဆို့မှုကို လုပ်နိုင်မယ်ဆိုရင် လေယာဉ်ပျံနဲ့ ပတ်သက် တာတွေ၊ လေကြောင်းပစ်ကူတွေ ဒါတွေ လောက်မှာပဲ သွားပြီးတော့ ရိုက်ခတ်နိုင်ခြေ ရှိတယ်။ အခု အသေအပျောက် အများဆုံးက လက်နက်ကြီးက အသေအပျောက် အများဆုံးပဲ။ မော်တာတို့၊ ဟော့ဝစ်ဇာလို အမြောက်တွေကြောင့် အသေအပျောက် အများဆုံး ဖြစ်ခဲ့တာကိုး။ ဒါတွေက ပြည်တွင်းက ထုတ်လုပ်နိုင်တဲ့ Capacity မှာ ရှိနေတဲ့ အတွက်ကြောင့်မိုလို့ လက်နက်ပိတ်ဆို့ရေး တကယ်ဖြစ်လာမယ် ဆိုရင်တောင် ပြည်တွင်းထုတ်လုပ်နိုင်မှုကို မထိရောက်ဘူးဆိုရင် ဒီဟာတွေက သက်ရောက်မှု အတိုင်းအတာ နည်းလိမ့်မယ်လို့ ယေဘုယျတော့ သုံးသပ်လို့ ရပါတယ်”
အခုချိန်မှာ မြန်မာစစ်တပ်က သုံးနေတဲ့ ကျည်ဆန်တွေ၊ အသေးဆုံးဖြစ်တဲ့ ၄၀ မမ လောင်ချာကနေ ၁၅၅ မီလီမီတာ ဟော့ဝစ်ဇာတွေနဲ့ ၁၂၀ မမ လက်နက်ကြီးတွေ အထိ ပြည်တွင်းကနေ ထုတ်လုပ်နေတာမို့ နိုင်ငံတကာကနေ ပိတ်ဆို့ခဲ့ရင်တောင် ထိရောက်မှု နည်းသွားပြီလို့ ဒေါက်တာ မင်းဇော်ဦးက သုံးသပ်ပါတယ်။
မြောက်ကိုရီးယားမှာဆိုရင် လက်နက်မရောင်းဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ပိတ်ပင်ထားတာတောင် အခုချိန်ထိ မြောက်ကိုရီးယားက သူ့နည်းသူ့ဟန်နဲ့ လက်နက် ရောင်းဝယ်မှုတွေကို ဆက်လုပ်နိုင်ခဲ့တယ်လို့ လေ့လာသူတွေက ထောက်ပြ ကြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က မြန်မာကို လက်နက် တင်ပို့ ရောင်းချမှု ပိတ်ထားပေမယ့် လက်တွေ့မှာ မထိရောက်ဘဲ ပြင်သစ်နဲ့ အီတလီလို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဆီကနေ မြန်မာစစ်တပ်က လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ဝယ်ယူခွင့် ရရှိ နေကြောင်းလည်း နိုင်ငံရေး၊ စစ်ရေးလေ့လာ သူတွေက ထောက်ပြပြောဆိုထားပါတယ်။