ဗုံးခွဲမှု စီရင်ချက် တရားမျှတမှု မရှိကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြား

၂၀၁၀ ခု နှစ်လယ်ပိုင်းတုန်းက ရန်ကုန်-ရွှေပေါက်ကံ စက်မှုဇုံ ဗုံးပေါက်ကွဲမှုမှာ ပါဝင် ပတ်သက်တယ်ဆိုပြီး ပုဒ်မ ၅ ခုစီနဲ့ အစွပ်စွဲခံခဲ့ရသူ ၁၂ ဦးကို အင်းစိန်တရားရုံးက ၂၀၁၀ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာကို ကြည့်ရင် တရားဥပဒေအရ ညီညွတ်မှု မရှိဘူးလို့ ဟောင်ကောင်အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရွှေပေါက်ကံ စက်မှုဇုံ ဗုံးပေါက်ကွဲအတွက် အစွပ်စွဲခံရသူ ကိုကျော်ဇေလင်း ဆိုသူအပါအဝင် လူငယ် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ်ကနေ ၁၉ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။ ကိုကျော်ဇေလင်းကိုတော့ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့ပါတယ်။

သူတို့တွေကို ပြစ်ဒဏ် စီရင်ပုံတွေဟာ ကျိုးကြောင်း ဆီလျော်မှု မရှိဘူးလို့ AHRC ရှေ့နေတဦးဖြစ်သူ ဦးမင်းလွင်ဦးက ဆိုပါတယ်။

“စွဲဆိုထားတဲ့ အမှု ငါးမှုစလုံးမှာ စွဲဆိုတဲ့ တရားလိုကလည်း အတူတူပဲ ဖြစ်တယ်၊ သက်သေတွေကလည်း အတူတူပဲ ဖြစ်တာကို ကျွန်တော်တို့ တွေ့ရှိရတယ်။ တရားလိုကပဲ ကျန်တဲ့ အမှုတွေမှာလည်း သူကိုယ်တိုင်က တရားလို ဖြစ်တယ်၊ သက်သေတွေကလည်း အဲဒီ အမှုတိုင်း အမှုတိုင်းမှာ သက်သေထွက်တဲ့ လူတွေကလည်း အားလုံး အတူတူပဲ။ အဲဒီ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက လူတွေချည်းပဲ ဖြစ်တာကို ကျွန်တော်တို့ တွေ့ရတယ်။”

“အဲဒီတော့ ရှာဖွေပစ္စည်း သိမ်းဆည်းတဲ့ နေရာမှာ တချို့နေရာတွေမှာတော့ လူကွဲတာကို တွေ့ရတယ်၊ ဒါပေမဲ့ အဲဒီလူတွေကလည်း ဒီ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကပဲ ခေါ်ယူလာတဲ့ သက်သေတွေ ဆိုတာကို စီရင်ချက်တွေမှာ ကျွန်တော်တို့ တွေ့ရပါတယ်။”

“အဲဒီတော့ ကျွန်တော်တို့ ဥပမာအားဖြင့် ပြောရရင် တရားမဝင် နယ်စပ် ဖြတ်ကျော်ပြီး သွားတဲ့အမှုတွေမှာ လူဝင်မှုကြီးကြပ်ရေး အရာရှိရဲ့ ပြန်ကြားစာ တစောင်ကိုပဲ မူတည်ပြီးတော့ သုံးသပ်ပြီးတော့ ဆုံးဖြတ်ထားတာကို တွေ့ရတယ်။ အဲဒီ လူဝင်မှု ကြီးကြပ်ရေး အရာရှိကို ပြန်လည် စစ်ဆေးမေးမြန်းခွင့် တရားခံတွေမှာ မရရှိခဲ့ဘူး။”

ဒါ့အပြင် ၂၀၁၀ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းက အခြားသော ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုကျော်ဇေလင်းတို့ ၁၂ ဦးကို နောက်ထပ် အမှုတွေ စွဲဆိုထားကြောင်းလည်း AHRC က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org