လွှတ်တော်အဆောက် အဦး ဆောက်မယ့်အစီအစဉ် ရပ်ပေးဖို့ တောင်းဆို
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ရှမ်းပြည် နယ်လွှတ်တော် အဆောက်အဦး တည်ဆောက်ဖို့အတွက် ထင်းရူးနဲ့ နှစ်ရှည်သစ်ပင်တွေ ခုတ်လှဲဖို့ ပြင်ဆင်နေတာကို ရပ်တန့်ပေးဖို့ တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာ လင်းထွဋ် ထံ တောင်းဆိုလိုက်ပါတယ်။
-
2016-08-12 -
-
-
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦး တည်ဆောက်ဖို့အတွက် ထင်းရူး နဲ့ နှစ်ရှည်သစ်ပင်တွေခုတ်လှဲဖို့ ပြင်ဆင်နေတာကို ရပ်တန့်ပေးဖို့ တောင်ကြီးခရိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ထံ တောင်းဆိုလိုက်ပါတယ်။
လွှတ်တော်အဆောက်အအုံသစ် ဆောက်လုပ်မယ့် စီမံကိန်းကို ဖျက်သိမ်းပေးဖို့ ဝန်ကြီးချုပ်ထံ တင်ပြထားတယ် လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးတင်မောင်တိုးက ပြောပါတယ်။
"အခုမနက်မှပို့မှာ ကျနော်တို့က၊ အဆောက်အဦးဆောက်မယ့် နေရာရယ် နောက် မြို့သူမြို့သားတွေ မကျေနပ်တာရယ်ပေါ့နော်၊ မလုပ်သင့်ဘူးပေါ့၊ အဲ့ဒီအတွက် အဲ့စီမံကိန်းကို ပယ်ဖျက်ပေးဖို့ပါ၊ ဝန်ကြီးချုပ်ရဲ့ အိမ်ရှေ့တည့်တည့်ပဲပေါ့၊ သစ်ပင်တွေခုတ်လိုက်မယ်ဆိုရင်တော့ တောင်ကြီးမှာ တောအုပ်ဆိုတာ မရှိတော့မယ့် အခြေအနေမျိုးဖြစ်သွားမှာပါ"
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ထင်းရူးနဲ့ တခြား အပင်ကြီးတွေရှိတဲ့ တောင်ကြီးမြို့က ဝန်ကြီးချုပ် အိမ်ဝင်းထဲ လွှတ်တော်အဆောက်အအုံအသစ် ဆောက်လုပ် ဖို့ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အခုလ ၁၀ ရက်မှာ အစိုးရအဖွဲ့က နှစ်ရှည်ပင်ပေါင်း ၈၀ လောက်ကို ခုတ်လှဲဖို့ အမှတ်အသားတွေကို ပြုလုပ်နေ တာကြောင့် တောင်ကြီးမြို့ပေါ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကလည်း မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
လွှတ်တော်အဆောက်အအုံသစ် ဆောက်လုပ်မယ့်မြေနေရာဟာ ၄ ဧကလောက်ကျယ်ဝန်းပြီး နှစ်ရှည် ထင်းရူးပင်တွေ၊ အပင်ငယ်တွေနဲ့ ဝါးတောတွေကို ဖယ်ရှားရှင်းလင်းရမှာဖြစ်ပါတယ်။