တိုက်ပွဲရပ်ရေး ရှမ်းပြည်နယ် လွှတ်တော်က အစိုးရကို တိုက်တွန်း


2016.07.15
shan-parliament-620.jpg ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
.

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးရေးနဲ့ စစ်ရေးတင်းမာမှုတွေကို ပြည်နယ်အစိုးရ နဲ့ ပြည်ထောင်စုအစိုးရက ကြားဝင်ဖြန်ဖြေပေးရေး တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ရှမ်းပြည်နယ်လွှတ်တော်မှာ ဒီနေ့အတည်ပြုလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထွက်ပြေးနေရပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တာ၊ ကျောင်း သားတွေ ကျောင်းမတက်နိုင်တာ၊ ပေါ်တာဆွဲခံနေတာတွေကြောင့် ဒီအဆိုကို တင်သွင်းရတာလို့ SNLD ပါတီက သီပေါမြို့နယ်ကိုယ်စားလှယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစန်းစန်းအေးက ပြောပါတယ်။

"တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့် စစ်ဘေးရှောင်နေရတယ်ပေါ့ အဲ့ဟာတွေပါမယ်၊ ပြီးတော့ ကလေးငယ်တွေ ကျောင်းတက်ရမယ့်အချိန်တွေမှာ ကျောင်းကောင်းကောင်း တက်ခွင့်မရဘူး၊ ပြီးတော့ စိုက်ပျိုးရေးအချိန်မှာဆိုရင် စိုက်ပျိုးရေးကို ကောင်းကောင်းမလုပ်ရဘူးပေါ့၊ အဓိက တိုက်ပွဲတွေကြောင့် ဒီလိုမျိုးပြဿနာတွေ ရင်ဆိုင်နေရတယ်ပေါ့၊ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေ  ပျက်စီးခံရတယ်၊ ပြီးတော့ လူပေါ်တာဆွဲတာတွေပါတယ်ပေါ့၊ စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေးရေးနဲ့ နောင်ဖြစ် လာနိုင်မယ့် စစ်ရေးတင်းမာမှုကို တားဆီးနိုင်အောင် ရှမ်းပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရက ကြားဝင်ဖြန်ဖြေပြီးတော့ ရှေ့ဆက်အကောင်အထည်ဖော်နိုင်ဖို့ တိုက်တွန်းတဲ့အဆိုကိုပေါ့"

ရှမ်းပြည်နယ်လွှတ်တော်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကိုယ်စားလှယ်က စစ်ပွဲတွေ ရပ်တန့်ပေးရေး တိုက်တွန်းတဲ့အဆိုကို မနေ့ကတင်သွင်းခဲ့တာဖြစ်ပြီး မှတ်တမ်းတင်ဖို့ နယ်/လုံဝန်ကြီးက ဆွေးနွေး ခဲ့ပေမဲ့ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီအဆိုကို ထောက်ခံဆွေးနွေးသူတွေက ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းယော်မြိုနယ်က အရပ်သား လူ ၇ ဦး အသတ်ခံရတဲ့ကိစ္စအပြင် ပြီးခဲ့တဲ့ရက်ပိုင်းက နန့်ခမ်းမြို့နယ်မှာ လူတစ်ဦး လုပ်ကြံခံရတဲ့ကိစ္စတွေကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းတာတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။