တကိုယ်တော်ဆန္ဒပြ တဲ့ ဆေးကျောင်းသား ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရ


2017.02.04
magway-student-protest-620.jpg စစ်ပွဲတွေ ရပ်တန့်ဖို့ မကွေးမြို့တော်ခန်းမရှေ့မှာ တကိုယ်တော်ဆန္ဒပြတဲ့ မကွေးဆေးတက္ကသိုလ် ကျောင်းသား ကိုဉာဏ်မျိုးအောင် ကို တွေ့ရစဉ်
Photo :Aung Zaw (facebook)

စစ်ပွဲတွေ ရပ်တန့်ဖို့ မကွေးမြို့တော်ခန်းမရှေ့မှာ ဒီနေ့ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ မကွေးဆေးတက္ကသိုလ်ကျောင်း သား ကိုဉာဏ်မျိုးအောင် ကို မကွေးမြို့မရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

တကိုယ်တော်ဆန္ဒထုတ်ဖော်တာဖြစ်တဲ့အတွက် ရဲကို အသိပေးအကြောင်းကြားဖို့ မလိုတာကြောင့် အခုလို အမှုဖွင့်တာ မဖြစ်သင့်ကြောင်း ဆေးတက္ကသိုလ်ကျောင်းသား ကိုဉာဏ်မျိုးအောင် က ပြောပါတယ်။

"စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းအတွက်တင်ရမယ်ဆိုတော့ ကျနော်တစ်ယောက်တည်းဖြစ်တဲ့အတွက် စုဝေးခြင်းဆိုတဲ့စကားရပ်က တစ်ယောက်ထပ်ပိုမှ စုဝေးခြင်းဆိုတဲ့ စကားစုမြောက်တယ်၊ နောက်ကျနော်စီတန်း လှည့်လည်တာမဟုတ်ဘူး၊ တစ်ယောက်တည်း မတ်တပ်ရပ်နေတာ၊ အဲတော့ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်း ကို မငြိဘူး၊ အဲ့တော့သူရဲ့ပုဒ်မအရလည်း ချိုးဖောက်တာမရှိဘူး၊ ဒီဥပဒေကိုဘာကြောင့်ထည့်တာလဲ၊ ဒီဥပဒေပုဒ်မနဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ဖိနှိပ်ဖို့သုံးထားတာလား"

ဆန္ဒဖော်ထုတ်တာကို ရဲကို ကြိုတင်အကြောင်းကြားဖို့ ပျက်ကွက်တဲ့အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) နဲ့ မကွေးမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး စိန်အောင်က တရားလိုလုပ်ပြီး အမှုဖွင့်တာ ဖြစ်တယ်လို့ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်း က ပြောပါတယ်။

ကိုဉာဏ်မျိုးအောင်ကို ပုဒ်မ(၁၉)နဲ့ အမှုဖွင့်ထားပြီး (၁၅)ရက်အတွင်း တရားစွဲဆိုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်းက ပြောပါတယ်။

ကိုဉာဏ်မျိုးအောင်ဟာ မကွေးဆေးတက္ကသိုလ်က နောက်ဆုံးနှစ် အပိုင်း(ခ)ကျောင်းသား တစ်ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။