စစ်ကောင်စီကို အာဆီယံအစည်းအဝေး တွေကနေ ဆက်ပြီး ဖယ်ထုတ်ထားဖို့ စင်္ကာပူပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်ကို ပူးပေါင်း ဆောင်ရွက်လာတဲ့ အချိန်အထိ မြန်မာစစ်ကောင်စီကို အာဆီယံအစည်းအဝေး တွေကနေ ဖယ်ထုတ်ထားသင့်တယ်လို့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်း (Lee Hsein Loong) က ပြောလိုက်ပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့က အွန်လိုင်းဗီဒီယိုကတစ်ဆင့် ဆက်သွယ် စကားပြောရာမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို အခုလို တိုက်တွန်း ခဲ့တာလို့ စင်္ကာပူနိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
အစိုးရအဖွဲ့ဝင်မဟုတ်သူ တစ်ဦးကိုသာ မြန်မာကိုယ်စားလှယ်အဖြစ် ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားတာကို ပြင်ဆင်မယ်ဆိုရင် အချက်အလက် အသစ်တွေ အပေါ်မှာသာ အခြေခံရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်လီရှန်လွန်းက ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်ဖို့ လိုအပ်တဲ့အကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်ကောင်စီဟာ ငြိမ်းချမ်းရေးဖော်ဆောင်မယ်လို့ ပြောဆိုနေပေမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အတိုက်အခံတွေကို ဆက်လက် တိုက်ခိုက်နေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ထပ်ပြီးချမှတ်ခဲ့တာ တွေကိုလည်း စင်္ကာပူဝန်ကြီးချုပ်က ထောက်ပြပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ အဆိုပြုချက်တချို့ကို တင်ပြခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စင်္ကာပူအနေနဲ့ ဒီကိစ္စကို မူအားဖြင့် ကန့်ကွက်ဖို့ မရှိပေမယ့် မြန်မာ့အရေးမှာ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့် မရတဲ့အတွက် ခက်ခဲရှုပ်ထွေးမှု ရှိနိုင်ကြောင်း ဝန်ကြီးချုပ် လီရှန်လွန်းက ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားအနေနဲ့ ကျန်တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကို ရယူမယ်လို့ ဝန်ကြီးချုပ်လီရှန်လွန်းက မျှော်လင့်တဲ့အကြောင်းလည်း စင်္ကာပူ နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။