စင်ကာပူ UOB ဘဏ် မြန်မာနဲ့ အဆက်ဖြတ်လိုက်ပြီ
UOB ဘဏ်ဟာ မြန်မာနိုင်ငံက ဘဏ်အကောင့်တွေဆီ ငွေအသွင်းအထုတ် အားလုံးကို ကန့်သတ်တော့မှာဖြစ်ပြီး အကြွေးဝယ်ကဒ်တွေဖြစ်တဲ့ Visa နဲ့ Mastercard တွေ မြန်မာနိုင်ငံမှာ အသုံးပြုမှုအတွက်လည်း ဝန်ဆောင်မှုပေးမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
-
RFA Burmese
2023-09-01 -
-
-
နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စင်ကာပူနိုင်ငံရဲ့ United Overseas Bank (UOB) ဟာ စက်တင်ဘာလ ၁ ရက်ကစပြီး မြန်မာနိုင်ငံက ဘဏ်တွေနဲ့ အဆက်ဖြတ်လိုက်ပြီလို့ စင်ကာပူသတင်းဌာန Channel News Asia က သတင်းဖော်ပြပါတယ်။
UOB ဘဏ်ဟာ မြန်မာနိုင်ငံက ဘဏ်အကောင့်တွေဆီ ငွေအသွင်းအထုတ် အားလုံးကို ကန့်သတ်တော့မှာဖြစ်ပြီး လူသုံးများတဲ့ Credit အကြွေးဝယ်ကဒ်တွေဖြစ်တဲ့ Visa နဲ့ Mastercard တွေအတွက် မြန်မာနိုင်ငံမှာ အသုံးပြုမှုအတွက်လည်း ဝန်ဆောင်မှုပေးမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
Channel News Asia က UOB ဘဏ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခြားဘဏ်တွေနဲ့ ဆက်ဆံရေးအကြောင်းကို မဖြေကြားနိုင်တဲ့အကြောင်း ပြောပါတယ်။
UOB ဘဏ်ဟာ မကြာခင်ကလည်း မြန်မာစစ်ခေါင်းဆောင်တွေ စီးနင်းတဲ့ Myanmar Airways International လေကြောင်းလိုင်းရဲ့ ဘဏ်အကောင့် ငါးခုကို ပိတ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ အကောင်အထည်ဖော်နေတဲ့နေရာမှာ အခြားပြည်ပဘဏ်လုပ်ငန်းတွေကလည်း UOB ဘဏ်လို အလားတူ လိုက်လုပ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်နေတဲ့အတွက် လက်နက်ဝယ်ယူမှုတွေကို တားဆီးပိတ်ပင်ဖို့ နိုင်ငံတကာက ကြိုးပမ်းလာတာဖြစ်ကြောင်းနဲ့ အခုအချိန်မှာ နိုင်ငံတကာ ဘဏ်လုပ်ငန်းတွေမှာ မြန်မာနိုင်ငံကလို့ ကြားလိုက်တာနဲ့ ပိုပြီး ကြပ်မတ် စစ်ဆေးမှုတွေ လုပ်နေကြတဲ့အကြောင်း ကာတင်တက္ကသိုလ် စီးပွားရေးနဲ့ ဥပဒေဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာ ထွေးထွေးသိန်းက Channel News Asia သတင်းဌာနကို ပြောပါတယ်။