အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ အဆိုတော် ရေမွန် ရုတ်တရက် ကွယ်လွန်

2021.06.23
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ အဆိုတော် ရေမွန် ရုတ်တရက် ကွယ်လွန် Idiots အဖွဲ့ဝင် အဆိုတော် ရေမွန်(အင်္ကျီအနက်) ရန်ကုန်မြို့၊ မြေနီကုန်းမှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့စဥ်
Photo: Vilane Photography

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ Idiots အဖွဲ့ဝင် အဆိုတော် ရေမွန် ဟာ ဇွန်လ ၂၃ ရက် ဒီနေ့မှာ ရုတ်တရက် ကွယ်လွန်သွားတဲ့အကြောင်း မိသားစုဝင်တွေ အပါအဝင် အနုပညာရှင်အသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။

သူဟာ စစ်ကောင်စီက တပ်မတော်ကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် လွတ်မြောက်နယ်မြေတစ်ခုမှာ တိမ်းရှောင်ရင်း အခုလို ရုတ်တရက် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။

အနုပညာ အသိုင်းအဝိုင်းမှာတော့ အဆိုတော် ရေမွန် ဟာ ငှက်ဖျားရောဂါပိုး ဦးနှောက်ထဲဝင်ပြီးတော့ ရုတ်တရက် ဆုံးပါးသွားတာဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြပေမယ့် ဒီကိစ္စကိုတော့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

အဆိုတော် ရေမွန် ရဲ့ ညီမဖြစ်သူ လပြည့်ကဗျာ ကတော့ သူ့ရဲ့ အစ်ကို ဆုံးပါးမှုနဲ့ ပတ်သက်လို့ အတည်ပြုထားပေမယ့် ဒီကိစ္စကိုပြောဖို့အတွက် သူ့မှာ အင်အားမရှိသေးဘူးလို့ လူမှုကွန်ရက် စာမျက်နှာကနေ ပြောဆိုထားပါတယ်။

Idiots အဖွဲ့ကလည်း သူတို့အနေနဲ့ မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကြုံလိုက်ရတာဖြစ်ပြီး စိတ်ထားကောင်းတဲ့ ရေမွန် အနေနဲ့ ကောင်းမွန်တဲ့ ဘုံဘဝကို ရောက်မယ်လို့ ယုံကြည်တဲ့အကြောင်း ဖေ့စ်ဘွတ် လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုတော် ရေမွန် ဟာ သူမကွယ်လွန်ခင်က ဖမ်းဆီးခံထားရတဲ့ အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့အပါအဝင် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာဖို့ စောင့်မျှော်နေတဲ့အကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၆ နှစ်မြောက်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုမှာလည်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။