ဒဂုံတက္ကသိုလ် ကျောင်းသားခြောက်ဦး အဖမ်းခံရ
ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကို စက်တင်ဘာ လ ၁၄ ရက် မနေ့ညပိုင်းက ကျောက်တံတားမြို့နယ်ထဲမှာ ဧည့်စာရင်းကို အကြောင်း ပြပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပါတယ်။
- 2021-09-15
-
-
-
ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကို စက်တင်ဘာလ ၁၄ ရက် မနေ့ညပိုင်းက ကျောက်တံတားမြို့နယ်ထဲမှာ ဧည့်စာရင်းကိုအကြောင်းပြပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး သွားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ သတ္တဗေဒကျောင်းသူ မဝတ်ရည်အောင်၊ ဓာတုဗေဒကျောင်းသူ မသဉ္ဇာဇော်၊ ဥပဒေ ကျောင်းသား မောင်စည်သူအောင်တင်၊ ရှေးဟောင်းသုတေသနကျောင်းသား မောင်ရဲလင်းဦး၊ ပထဝီ ကျောင်းသား မောင်မြင့်သိန်းနိုင်နဲ့ သတ္တဗေဒကျောင်းသား မောင်နေထက်လင်းတို့ဖြစ်ကြပြီး အများစုက အသက် ၂၀ ဝန်းကျင်တွေ ဖြစ်ပါတယ်။
သူတို့ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကို မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် မရသေးဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က RFA ကို ပြောပါတယ်။
“သူတို့တွေကို စက်တင်ဘာ ၁၄ ရက်နေ့ည ၁၀ နာရီလောက်က ဧည့်စာရင်းစစ်တယ်၊ နောက်တစ်ပါတည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်၊ နေရာကတော့ ၃၉ လမ်းမှာရှိတဲ့ တိုက်ခန်းတစ်ခုပဲပေါ့နော်” လို့ ကိုမင်းဟန်ထက်ကဆိုပါတယ်။
မနေ့ညပိုင်း ကျောက်တံတားမြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့သိရပြီး စက်တင်ဘာလ ၁၅ ရက် ဒီနေ့မနက်မှာတော့ စစ်ကောင်စီရဲ့ စစ်ကြောရေးကို ပို့ဆောင်ခံလိုက်ပြီလို့ ယူဆရကြောင်း ကိုမင်းဟန်ထက်က ပြေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ခံလိုက်ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌဟောင်း ကိုမင်းသုခကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအပေါ်ဆန့်ကျင်သူတွေကို လိုက်လံရှာဖွေဖမ်းဆီးမှုတွေ နေရာအနှံ့ လုပ်ဆောင်နေပြီး အဲဒီအထဲမှာ ကျောင်းသားလူငယ်တွေ အများအပြားပါဝင်နေပါတယ်။
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့ရသူ အရေအတွက်ဟာ စက်တင်ဘာ ၁၁ ရက်နေ့အထိ ၄၇ ယောက်ရှိနေပြီ ဖြစ်ပါတယ်။