မတ္တရာမြို့နယ် ကောက်ရိုးပုံရွာက အိမ် ၆ လုံး မီးလောင်

2022.01.14
မတ္တရာမြို့နယ် ကောက်ရိုးပုံရွာက အိမ် ၆ လုံး မီးလောင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံရွာ မီးလောင်နေတာကို ၂၀၂၂ ဇန်နဝါရီ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံရွာကို ဇန်နဝါရီ ၁၄ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးနောက် အိမ် ၆ လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲက စစ်ကောင်စီ သတင်းပေးလို့ ယူဆရသူတစ်ယောက် အသတ်ခံရပြီး နောက်နေ့ စစ်သားအင်အား ၄၀ ခန့်နဲ့ ရောက်လာတာပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“စစ်သားတွေ ယူနီဖောင်းနဲ့ ရောက်လာကြတော့ တစ်ရွာလုံးလည်း ကြောက်ပြီးထွက်ပြေးနေကြတယ်။ လူကိုမရှိပါဘူး၊ အခုထိ မပြန်ရဲကြသေးဘူး၊ ရွာက တောင်၊ မြောက် ပုံစံဆိုတော့ ရွာမြောက်ဘက်ခြမ်းကနေ စရှို့သွားတာပဲ၊ မီးဆက်မကူးနိုင်လို့သာ အကုန်မပါသွားတာ၊ ဒီလိုကြီးလည်း တစ်ခါမှမဖြစ်ဘူးတော့ ခံပြင်းတာပေါ့“

ကောက်ရိုးပုံရွာကို စစ်သားတွေ ဝင်ရောက်ခဲ့ပြီး အိမ်တွေမီးရှို့ခံရတယ်လို့ ရွာသားတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ကောက်ရိုးပုံရွာမှာ လူဦးရေ တစ်ထောင်ကျော်ရှိပြီး လက်ရှိမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေ ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေအပြင် တစ်ခြားပြည်နယ်တိုင်းတွေ က မြို့နယ်ကျေးရွာတွေမှာလည်း ခုလိုပဲ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ရွာသားတွေလည်း ဘေးလွတ်ရာပုန်းရှောင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။