တောင်ဥက္ကလာအားကစား ကွင်းမြေနေရာကိစ္စ လွှတ်တော်မှာ တင်ပြ
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ၉ ရပ်ကွက်က အားကစားပန်း ခြံ မြေနေရာဟာ ကြံ့ခိုင်ဖံ့ွဖြိုးရေး အသင်းနာမည်နဲ့ အရင် အစိုးရ လက်ထက်က နှစ် ၆၀ မြေငှားဂရမ် ချထားပေး တာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
-
2016-08-15 -
-
-
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်က အားကစားပန်းခြံ မြေနေရာဟာ ကြံ့ခိုင်ဖံ့ွဖြိုးရေး အသင်း နာမည်နဲ့ အရင်အစိုးရ လက်ထက်က နှစ် ၆၀ မြေငှားဂရမ် ချထားပေးတာဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
အဲ့ဒီမြေနေရာကို အားကစားပန်းခြံအား ပြန်လည်ခွင့်ပြုပေးဖို့ အစိုးရရဲ့ဆောင်ရွက်ထားတဲ့ အခြေအနေကို တောင် ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က မေးမြန်းရာမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကိုယ်စား ဝန်ကြီး ဦးဝင်းခိုင် က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အဆိုပါမြေကွက်အား နှစ် ၆ဝ မြေငှားစာချုပ်ဂရန် ခွင့်ပြုဆောင်ရွက်ခြင်းသည် လျှောက်ထားစဉ်ကာလများဖြစ် သည့် ၂ဝ၁၂ ခုနှစ်ကာလများတွင် ပုဂ္ဂလိကတစ်ဦး တစ်ယောက်၏ အခွင့်အရေးနှင့် ပိုင်ရေးဆိုင်ခွင့်အရ ခွင့်ပြုချထားခဲ့ခြင်း မဟုတ်ကြောင်းနဲ့ ပြည့်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအမည်ဖြင့် ခွင့်ပြုဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအခြေအနေတွင် ပြည့်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမည်ဖြင့်သာ ဆက်လက်တည်ရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"
ပြည်ထောင်စုဝန်ကြီး ဖြေကြားပြီးတဲ့နောက် ကိုယ်စားလှယ် ဒေါက်တာစောနိုင် က ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီနာမည်နဲ့ ပိုင်ဆိုင်နေတာကို ဥပဒေနဲ့ ညီ မညီ စီစစ် သုံးသပ်ပေးဖို့ ထပ်ပြီး တင်ပြခဲ့ပါတယ်။
"ဒီမြေဂရန်က အသင်းရဲ့မြေဂရန်လို့ပြောပါတယ်၊ ဒါပေမဲ့ ကျနော်တို့ကြည့်တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ ပိုင်ရှင် နာမည်တွေ့ရပါတယ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း(၂) အပုဒ်(၇)ဂမှာ နိုင်ငံတော်ပိုင် ငွေကြေး အဆောက်အဦး ယာဉ်ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းမပြုရဆိုတဲ့ အပိုဒ်လည်းပါပါ တယ်၊ နောက်တစ်ခုက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆုံးဖြတ်ထားတဲ့ အများပြည်သူပိုင်တဲ့မြေနေရာကို အများပြည်သူလက်ထဲ ပြန်လည်ရောက်ရှိဖို့ ဆုံးဖြတ်ချက်လည်းရှိပြီးဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဝန်ကြီးတို့အနေနဲ့ ဒီအားကစားပန်းခြံကိစ္စကို လေးလေးနက်နက် ပြန်လည်သုံးသပ်ပေးပါလို့ မေတ္တာရပ်ခံတင်ပြပါတယ်"
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း ဒေါက်တာစောနိုင်ရဲ့ ထပ်ဆင့်တင်ပြမှုကို ထောက်ခံပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကို သေချာအောင်မေးမြန်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲ့ဒီမြေနေရာမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရုံး ဆောက်လုပ်ဖို့ ပြင်ဆင်နေတာကို ရပ်ကွက်နေ ပြည်သူတွေက ကန့်ကွက်နေကြသလို ၂၀၁၃ ခုနှစ်ကစပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖုန်းမြင့်အောင်က တစ်ကိုယ်တော်ဆန္ဒပြခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ အခုမေးခွန်းမေးမြန်း တဲ့ ကိုယ်စားလှယ် ဒေါက်တာစောနိုင် တို့က လူအင်အား ၂၀၀ လောက်နဲ့ ဆန္ဒပြကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။