အားကစားကွင်းမှာ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှု ရပ်ကွက်က လက်မခံ
2013.12.29
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အမှတ်(၄) ရပ်ကွက် (တောင်ပိုင်း) အားကစားကွင်းမှာ စည်ပင်သာယာ ဝန်ထမ်းအိမ်ရာဆောက်လုပ်ဖို့ စီစဉ်နေတဲ့အပေါ် ရာနဲ့ချီတဲ့ ရပ်ကွက် နေပြည်သူတွေက ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
သက်တမ်း နှစ် ၅၀ လောက်ရှိပြီဖြစ်တဲ့ အဲဒီ အားကစားကွင်းမှာ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ဖို့ စီစဉ်နေတာကို လက်မခံတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ အမှတ် (၄) ရပ်ကွက်(တောင်ပိုင်း)က ပြည်သူတစ်ဦးဖြစ်တဲ့ ဦးဆန်းတင်က ပြောပါတယ်။
" ဒီအားကစားကွင်းမှာ လွတ်လပ်ရေးနေ့မှာ ဆိုရင်လည်း ပွဲလမ်းသဘင်ကျင်းပတာကအစ၊ ပြေးခုန်ပစ် ဘောလုံး အားလုံးပေါ့နော်၊ ဒီကွင်းမှာပဲ ကျွန်တော်တို့က အနှစ် ၅၀ ကျော်လောက်ကတည်းကကို ဒီအားကစားကွင်းမှာပဲ ကျင်းပပါတယ်ခင်ဗျ၊ ဒါကြီးကို သူတို့က အထက်အဖွဲ့အစည်းအသီးသီးကို လူကြီးတွေကို ပလပ်မြေဆိုပြီးတော့ လိမ်ပြီးတော့ အဆင့်မြင့် ဝန်ထမ်းအိမ်ယာ လုပ်မယ်ဆိုပြီးလုပ်တယ်၊ စည်ပင်သာယာမြေ လုံးဝမကျူးကျော်ရ ကျူးကျော်သည်ရှိသော် တည်ဆဲ ဥပဒေအရ အရေးယူမယ်ဆိုပြီးလုပ်တယ်၊ စည်ပင်သာယာ ဆောက်လုပ်ခွင့် သဘောလုံးမတူ အလိုမရှိဆိုပြီးတော့ အဲ့လို ဆန္ဒပြတယ်"
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက သက်ဆိုင်ရာစည်ပင်သာယာ တာဝန်ရှိသူတွေဟာ ရပ်မိရပ်ဖတချို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူတွေ့ဆုံပြီး အဲ့ဒီအားကစားကွင်းမှာ စည်ပင်သာယာဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှာဖြစ်ကြောင်း၊ ကလေးကစားကွင်းနဲ့ ခြင်းခတ်ရုံတစ်ခု ပြန်လည်ဆောက်လုပ်ပေးမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် ရပ်ကွက်နေပြည်သူတွေက သဘောမတူခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို အဲ့ဒီ အားကစားကွင်းထဲမှာပဲ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။