တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖားကန့် မှာ ဒေသခံတွေ ဆန္ဒပြ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ် ဖွဲ့တွေအကြား လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပါအဝင် စစ်ရေးပဋိပက္ခတွေ ရပ်တန့်ကြဖို့ ဖားကန့်မြို့မှာ ကချင်တိုင်းရင်းသားတွေ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
-
2016-10-10 -
-
-
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား လတ်တလော ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေအပါအဝင် စစ်ရေးပဋိပက္ခတွေ ရပ်တန့်ကြဖို့ ဖားကန့်မြို့မှာ ကချင်တိုင်းရင်းသားတွေ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ပြည်သူတွေအတွက် အကျိုးမရှိတဲ့ တိုက်ပွဲတွေကို ရပ်တန့်ကြဖို့ ဆန္ဒပြတာဖြစ်တယ်လို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးလတောင် က ပြောပါတယ်။
"အားလုံးက ငြိမ်းချမ်းရေးကို လိုလားနေတဲ့အချိန် စစ်ကြောင်းထိုးတဲ့အခါမှာ ၂၁ ပင်လုံ အတွက်လည်း မကောင်းဘူး၊ ငြိမ်းချမ်းရေးအတွက်လည်း မကောင်းဘူးလေ၊ ဒီစစ်ပွဲကြောင့် ဒုက္ခသည်မနည်းဘူးလေ၊ အဓိကကတော့ အဲ့ဒါပါပဲ၊ တိုက်ပွဲက ဘာအကျိုးမှမရှိဘူးလေ"
ဆန္ဒပြသူတွေဟာ ဖားကန့်မြို့ မရှီကထောင် ကြိုးတံတားထိပ်ကနေ ရပ်ကွက်တွေထဲ လှည့်လည်ဆန္ဒပြခဲ့ပြီး မှော် ဝမ်းရပ်ကွက်က လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော် က ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ဖို့ မြစ်ကြီးနား၊ ဆင်ဘို၊ တနိုင်း၊ ဖားကန့် စတဲ့ မြို့တွေမှာ ဆန္ဒပြတောင်းဆိုနေကြသလို ကေအိုင်အေ က တောင်သူတွေရဲ့ လယ်ယာမြေတွေအနီး မိုင်းမထောင်ဖို့နဲ့ ဆက်ကြေးကောက်၊ လူသစ်စုဆောင်းတာတွေ မလုပ်ဖို့ကိုလည်း တောင်းဆိုနေကြတာဖြစ်ပါ တယ်။ ဖားကန့်မြို့က ဆန္ဒပြပွဲမှာ လုံးခင်း၊ မှော်စီစာ၊ မှော်မောင်းလျန် စတဲ့ မှော်ရွာတွေက ကချင်တိုင်းရင်း သားတွေ ပါဝင်ခဲ့ကြပါတယ်။
အလားတူ ထိုင်းနိုင်ငံရောက်ရှိနေတဲ့ ကချင်တိုင်းရင်းသားတွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် အစိုးရတပ်မတော်က ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပေးဖို့ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။