မုန်တိုင်းငယ်အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မိုးရွာမည်
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီး လာမယ့် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တာကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
-
2017-12-05 -
-
-
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီး လာမယ့် ၁၂ နာရီ အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တာကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အချိန်အခါမဟုတ် ရွာတဲ့မိုးတွေဖြစ်တာကြောင့် ဒီအချိန်မှာ လယ်ရိတ်သိမ်းမယ့် တောင်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့နဲ့ ပင်လယ်ပြင်မှာ ခရီးသွားလာနေတဲ့သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ မိုးလေဝသဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က သတိပေးပါတယ်။
"အဓိကကတော့ ဒီကာလတွေက သီးနှံရိတ်သိမ်းတဲ့ကာလဖြစ်တာကြောင့်မို့လို့ တောင်သူတွေအနေနဲ့ မိုးအနည်းငယ်လောက်ရွာလိုက်ရင် သီးနှံတွေပျက်စီးတာတို့ ဘာတို့ပေါ့နော်။ အဲဒါမျိုးတွေ ဖြစ်နိုင်တဲ့ အတွက်ကြောင့် တောင်သူတွေအနေနဲ့ ရိတ်သိမ်းတဲ့ဥစ္စာတွေ ဘာတွေမှာ နည်းနည်းလေး သတိပြု ဖို့လိုတယ်ပေါ့နော်။ နောက်တစ်ခုက ဒီလေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာ့ကမ်းရိုးတန်းပေါ့နော်၊ မွန်၊ တနင်္သာရီကမ်းရိုးတန်းနဲ့ နည်းနည်း နီးတဲ့အတွက်ကြောင့်မို့လို့ ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်တင့်ကနေ လှိုင်းကြီးနိုင်တယ်။ အဓိက ကတော့ ပင်လယ်ကမ်းရိုးတန်းမှာ သွားလာနေတဲ့ ပင်လယ်ပြင်ခရီးသွားလာနေတဲ့ ပြည်သူတွေအနေနဲ့ ဂရုပြုသင့်တယ်ပေါ့နော်။"
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တွေမှာ အချိန်အခါမဟုတ် မိုးရွာနိုင်ပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းငယ်အားကောင်းပြီး မုန်တိုင်းငယ်အဖြစ်နဲ့ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်နိုင် တာကြောင့် အဲဒီအရှိန်ကြောင့် ဒီဇင်ဘာလ ၈ ရက်နဲ့ ၉ ရက်လောက်မှာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွေမှာ မိုးရွာနိုင်တယ်လို့ ပြောပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ အရှေ့ဘက်က လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။