တောင်ကြီးမှာ မြေယာလျော်ကြေး ရရှိရေး လယ်သမားတွေ ဆန္ဒပြ
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့ အေးသာယာရပ်ကွက် အနောက်ဘက် က လယ်ယာမြေဧက ၃၀၀ ကျော်ကို ရှမ်းပြည်နယ် အစိုးရက အိမ်ခြံကွက်တွေဖော်ပြီး ရောင်း ချနေတဲ့အတွက် လျော်ကြေးမရတဲ့ လယ်သမားတစ် ရာကျော်လောက်က ဒီနေ့ တောင်ကြီးမြို့ပေါ်နဲ့ အေးသာယာ စက်မှုဇုန်မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။
-
2014-07-01 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အေးသာယာရပ်ကွက် အနောက်ဘက်က လယ်ယာမြေဧက ၃၀၀ ကျော်ကို ရှမ်းပြည်နယ် အစိုးရက အိမ်ခြံကွက်တွေဖော်ပြီး ရောင်းချနေတဲ့အတွက် လျော်ကြေးမရတဲ့ လယ်သမား တစ်ရာကျော်လောက်က ဒီနေ့ တောင်ကြီးမြို့ပေါ်နဲ့ အေးသာယာ စက်မှုဇုန်မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။
သိမ်းခဲ့စဉ်က သီးနှံလျော်ကြေးသာပေးခဲ့တာဖြစ်ကြောင်း မြေယာလျော်ကြေးမပေးထားတဲ့ နေရာတွေဖြစ်ကြောင်း ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ရွှေညောင်မြို့က လယ်သမားဦးတင်ရွှေက ပြောပါတယ်။
"တချို့တဝက်က သီးနှံပျက်စီးခဆိုပြီးတော့ ပေးပါတယ်၊ ဒါပေမဲ့ မြေယာကတော့ နိုင်ငံတော်ပိုင်ဖြစ် တယ်ဆိုပြီးတော့ မြေယာတွေ အကုန်ဆုံးရှုံးရပါတယ်၊ ဒါတွေအတွက်ကို ဆန္ဒပြပွဲလုပ်တာပါ"
မြေဧက ၃၀၀ ပေါ်က မြေကွက်တွေကို ရှမ်းပြည်နယ်အစိုးရက ပေ၄၀၊ ပေ၆၀ ရိုက်ပြီး တစ်ကွက်ကို ၃၅ သိန်းနဲ့ ရောင်းချနေတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
တောင်ကြီး နဲ့ ရွှေညောင်ကြားက ဧကထောင်ကျော်ရှိတဲ့ လယ်ယာမြေတွေကို အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်၊လျှပ်စစ်အင်ဂျင်နီယာတပ်၊ ခြေလျင်တပ်ရင်း (၉၄) တို့က ၁၉၉၀ခုနှစ်နောက်ပိုင်းကစပြီး သိမ်းယူခဲ့တာပါ။
သိမ်းထားတဲ့လယ်ယာမြေတွေထဲက တချို့ကို လယ်မြေတစ်ဧကကို စပါး၁၀တင်း၊ ယာတစ်ဧကကို ကျပ်တစ်သောင်းနှုန်းနဲ့ လယ်သမားတွေကို သီးစားပြန်ချခဲ့တယ်လို့ သိရပါတယ်။