တယ်လီနောရဲ့ အစုရှယ်ယာများ ရိုးမကုမ္ပဏီကို ရောင်းမည်

2022.01.18
တယ်လီနောရဲ့ အစုရှယ်ယာများ ရိုးမကုမ္ပဏီကို ရောင်းမည် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့ ရပ်ကွက်တစ်ခုအတွင်းက Wave Money မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု ရယူနိုင်သည့် ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ အကြီးဆုံး တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ တယ်လီနောကုမ္ပဏီ ပိုင်ဆိုင်တဲ့ Wave money ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Yoma Strategic Holding ရိုးမကုမ္ပဏီကို ရောင်းချတော့မယ်လို့ မနေ့က ကြေညာခဲ့ တဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

မနေ့က တယ်လီနောကုမ္ပဏီရဲ့ ဝက်ဘ်ဆိုဒ်မှာ ထုတ်ပြန်ကြေညာချက်အရ တယ်လီနောဟာ Wave Money ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အမေရိကန် ဒေါ်လာ ၅၃ သန်းနဲ့ ရိုးမကုမ္ပဏီကို ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Wave Money မိုဘိုင်းလ် ငွေပေးချေမှုနဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကို တယ်လီနော ကုမ္ပဏီနဲ့ ရိုးမဘဏ်တို့အကြား ၂၀၁၆ ခုနှစ်က ပူးပေါင်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာ လူသုံးအများဆုံး မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်လာခဲ့တာပါ။

Wave Money ဟာ မြန်မာနိုင်ငံမှာ ဘဏ်မဟုတ်ဘဲ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရတဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းက ကျေးလက်ဒေသတွေအပါအဝင် မြို့နယ်အသီးသီးမှာ Wave Shops လို့ ခေါ်တဲ့ Wave Money ငွေကြေးဝန်ဆောင်မှုပေးတဲ့ ဆိုင်ပေါင်း ၄၅ဝဝဝ ကျော် ဖွင့်လှစ်ထားကြောင်းနဲ့ ၂ဝ၂ဝ ပြည့်နှစ်အတွင်းက Wave Money ဟာ မြန်မာနိုင်ငံ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး ဂျီဒီပီရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ဒေါ်လာ ၈.၇ ဘီလျံကို လွှဲပြောင်းဝန်ဆောင်မှု ပေးခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်းက တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတွေကို M1 Group ကုမ္ပဏီကို လွှဲပြောင်း ရောင်းချသွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပြီး အခြားပိုင်ဆိုင်မှု လုပ်ငန်းတွေကိုလည်း ရောင်းချသွားဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။