တရားမဝင် မြန်မာအလုပ်သမား ၂၉ ဦးနဲ့ လူပွဲစားတွေကို ထိုင်းရဲဖမ်းဆီး
မြန်မာအလုပ်သမားတွေကို ထိုင်း-မလေးရှားနယ်စပ် ဆုံခလာခရိုင် ဘန်ခလမ်မြို့နယ်က ရာဘာခြံမှာ သတင်းအရ လူမှောင်ခို ၄ ဦး နဲ့အတူ ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(FED)က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
-
လုဆိုင်း
2023-01-07 -
-
-
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၉ ဦးကို ဇန်နဝါရီလ ၆ ရက်နေ့ ညက ထိုင်း-မလေးရှားနယ်စပ်မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဒီမြန်မာအလုပ်သမားတွေကို ထိုင်း-မလေးရှားနယ်စပ် ဆုံခလာခရိုင် ဘန်ခလမ်မြို့နယ်က ရာဘာခြံမှာ သတင်းအရ လူမှောင်ခို ၄ ဦး နဲ့အတူ ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(FED)က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
“အခု နှစ်ဆန်းပိုင်းမှာ နှစ်ကြိမ် တွေ့တယ်။ ရနောင်းဘက်မှာ တစ်ကြိမ်၊ ၁၀ ကျော်၊ နောက် မနေ့ညက ဖမ်းမိတဲ့ ဆုံခလာမှာ မလေးရှားကို ပို့ဖို့၊ အဲဒီ ၂၉ ယောက်ဆိုတာလေ။ ဘန်ကားတဲ့တင်လာတာ။ မိတဲ့ထဲမှာ တရားမဝင် မြန်မာ တစ်ဦးနဲ့ ထိုင်း သူတို့က လူမှောင်ခိုသွင်းနေတဲ့ဂိုဏ်းသားတွေကို မိတယ်။ ကျွန်တော်တို့ မြန်မာနယ်စပ် ပကျွတ်ခရီခန်ခရိုင်ကနေ တက်လာတာ”
အခု ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ ထိုင်းမြန်မာနယ်စပ်ကနေ တရားမဝင် ဝင်လာလို့ ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ ကျော်ရှိသွားပြီလို့ ဦးမင်းဦးက ပြောပါတယ်။
အခုဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် ပကျွတ်ခရီခန်ခရိုင်ကနေ ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူတို့ကို ဘန်းခလမ်မြို့နယ် ရဲစခန်းမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ဘန်ကောက်ပိုစ့် သတင်းမှာ ဇန်နဝါရီလ ၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ကစပြီး ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ဝင်ရောက်လာနေပြီး နေ့စဉ်ဆိုသလို ဖမ်းဆီးခံနေရတာပါ။
အလုပ်သမားအရေးဆောင်ရွက်သူတွေ စာရင်းပြုစုထားချက်အရ ၂၀၂၂ တစ်နှစ်အတွင်း မြန်မာအလုပ်သမား ၄၆,၄၀၀ ကျော် နဲ့ လူမှောင်ခို ပွဲစား ၂၁၇ ဦး ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
“နယ်စပ်ပြည်နယ်တွေကနေ ယေဘုယျအားဖြင့် ရရှိထားတဲ့သတင်းအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လေးသောင်းခြောက်ထောင်လေးရာကျော် တရားမဝင် နယ်စပ်ဖြတ်ကျော်လို့ မြန်မာ၊ လူမှောင်ခိုလူပွဲစား ၂၁၇ ယောက် တရားမဝင် အကြမ်းဖျင်းစာရင်း။ ထိုင်းတော်ဝင်တပ်မတော်၊ နယ်ခြားစောင့်တပ်ဖြစ်စေ၊ ထိုင်းလဝကရဲတပ်ဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်တွေ စုစည်းမှတ်တမ်းပြုထားတာပေါ့”
ထိုင်းနဲ့ မွန်ပြည်နယ်နယ်စပ် ကန်ချနဘူရီခရိုင်၊ ထိုင်းနဲ့ ကရင်ပြည်နယ် နယ်စပ် မြဝတီ မဲဆောက်မြို့ တာခ့်ခရိုင်၊ ထိုင်းနဲ့ တနင်္သာရီ တိုင်းဒေသကြီးနယ်စပ် ပကျွတ်ခရီခန်ခရိုင်တွေကနေ မြန်မာအလုပ်သမားတွေ တရားမဝင် ဝင်လာကြတာ ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းနဲ့ မလေးရှားနယ်စပ် ဆုံခလာခရိုင်တွေမှာ ဖမ်းဆီးခံကြရတာ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။