တရားဝင် အထောက်အထားမပါတဲ့ မြန်မာ ၉ ဦး ထိုင်းရဲဖမ်းဆီး

အယုဒ္ဓယခရိုင် နခွန်လူဝမ်မြို့ ဘော့ဖိုရွာရဲ့ အာရှအမြန်လမ်းမကြီးပေါ်မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာကနေ ဖမ်းမိတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသားတွေကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ AFP

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးကို ထိုင်းယာဉ်မောင်းနဲ့အတူ ဘန်ကောက်မြို့မြောက်ဖက် မိုင်တစ်ရာကျော်က မုဝလက်မြို့နယ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Ch7HDNews မှာ ဖော်ပြထားပါတယ်။

အယုဒ္ဓယခရိုင် နခွန်လူဝမ်မြို့ ဘော့ဖိုရွာရဲ့ အာရှအမြန်လမ်းမကြီးပေါ်မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာကနေ ဖမ်းမိတာလို့ ဆိုပါတယ်။

အဖမ်းခံရတဲ့သူတွေက အသက် ၂၀ ကနေ ၄၀ ကျော်အတွင်း မြန်မာအမျိုးသမီး ၇ ဦး အမျိုးသား ၂ ဦး ဖြစ်ပါတယ်။ သူတို့ဟာ မဲဆောက်မြို့နယ်ထဲက တောလမ်းတွေကနေ ခြေလျင်လျှောက်ခဲ့ရပြီး လမ်းတစ်ဝက်မှာ ကားနဲ့ခရီးဆက်ရတာပါ။ သူတို့ဆီကနေ ကားခအဖြစ် တစ်ယောက်ကို ဘတ်တစ်ထောင်စီရတယ်လို့ ထိုင်းကားမောင်းသမားက ထွက်ဆိုတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သူတို့ဆီမှာ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် တရားဝင်နယ်စပ်ဖြတ်တဲ့ အထောက်အထားတစ်ခုမှ မပါဘူးလို့ ရဲက ဆိုပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်ရှာဖို့ရောက်လာကြတာဖြစ်ပြီး သူတို့ထဲက အမျိုးသားတစ်ဦးက ပွဲစားခ ဘတ် ၁၂၀၀၀ ပေးခဲ့ရတဲ့အကြောင်း ပြောတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူတစ်ဦးကတော့ “မြန်မာအလုပ်သမားတွေ တရားမဝင်နည်းလမ်းနဲ့ ရောက်လာတာက ပွဲစားတွေရဲ့ အယုံသွင်းတာတွေ လည်းပါတယ်၊ လုပ်ငန်းခွင်ထဲမှာ တရားဝင်ဖြစ်အောင်လုပ်ပေးမယ်ဆိုတာတွေကြောင့်ပေါ့၊ ပြည်တွင်းထဲမှာ အလုပ်အကိုင်ရှားပါးနေတဲ့အချိန် ထိုင်းနိုင်ငံထဲကို အခုလိုပဲ မြန်မာတွေက ထပ်ပြီးရောက်လာကြဦးမှာပါ၊ ပွဲစားတွေကလည်း အဲဒီအခြေအနေကို သိနေပြီးသားပဲလေ’’ လို့ RFA ကို ပြောပါတယ်။

အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၉ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းကို ဥပဒေအတိုင်း ဆက်လက်အရေးယူဖို့ အယုဒ္ဓယခရိုင် နခွန်လူဝမ်ရဲစခန်းကို ပို့ထားတယ်လို့ ဆိုပါတယ်။

အခုနှစ် ၉ လအတွင်း ထိုင်းနိုင်ငံထဲကို တရားဝင်အထောက်အထားမပါလို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သောင်းကျော်နေပြီလို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ ဒါပေမဲ့ အဖမ်းခံရတဲ့သူတွေထဲမှာ ပွဲစားတွေပါတယ်ဆိုတဲ့ သတင်းတော့ မတွေ့ရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org